Chapter 454 : အကြင်နာတရားအမျိုးသမီးသည် စကားဆုံးသည်နှင့် လူတိုင်းအား ဆက်လက်၍ ရှိခိုး တောင်းပန်နေ၏။ ထိုဖြစ်ရပ်ကိုမြင်သောအခါ ပတ်ဝန်းကျင်ရှိလူများသည် ကရုဏာ မသက်ဘဲ မနေနိုင်တော့ချေ။
"ပြီတော့ သူ့ရဲ့ စွမ်းရည်တွေကိုလည်း ကြည့်ပါဦး။ သူက ကျွန်မရဲ့ခင်ပွန်းဟောင်းဆီကနေ သင်ထားတာပါ။ ကျွန်မရဲ့ ခင်ပွန်းဟောင်းက လူတွေကို ရိုက်နှက်ရတာကို အရမ်း သဘောကျပါတယ်။ ဒီကောင်မလေးကလည်း သူ့လိုပဲ ဆိုးသွမ်းတဲ့သူပါ။ သူက တစ်ခါတစ်လေ ကျွန်မရဲ့သားကို သူတောင်းစားဟန်ဆောင်ခိုင်းပြီး အပြင်ထွက် တောင်းခိုင်းပါတယ်"
ထိုအမျိုးသမီး၏ သရုပ်ဆောင်စွမ်းရည်မှာ ကောင်းလွန်းလှပြီး မျက်ဝန်းများက နီရဲနေကာ မျက်ရည်များ အဆက်မပြတ် စီးကျနေ၏။
ယခုအချိန်၌ သူမသည် ချောင်ပိတ်မိနေသည် ဖြစ်ရာ ပို၍ပင် ပြင်းပြင်းထန်ထန် ရှိခိုး တောင်းပန်နေပြီး အကြိမ်ရေ အနည်းငယ်ခန့် ကန်တော့ပြီးသည့်နောက်တွင် သူမ၏ နဖူးသည် သွေးများ စီးကျတော့မတတ် နီရဲလာရာ လူအများ၏ စိတ်နှလုံးအား ထိခိုက်သွားစေသည်။
ထိုကဲ့သို့သော ပုံပန်းသွင်ပြင်ကို ကြည့်၍ သူမအား လူလိမ်ဟုပြောပါက မည်သူက ယုံမည်နည်း။
ထို့ကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ချက်ချင်းပင် ထိုလင်မယား အတွဲအား ကာပေးလိုက်၍ ကျင်းယွင်ကျောင်းအား လက်ညှိုးထိုး၍ ပြောလာ၏။
"ဒီကလေးကလည်း မင်းရဲ့မောင်လေးပဲလေ။ ဒါကို မင်းက သူ့ကို သူ့အမေနဲ့အတူ သွားခွင့်မပေးဘဲ ဘာလို့ ဒီလောက်တောင် ရက်စက်နေရတာလဲ။ ပြီးတော့ မင်းကို ကြည့်ရတာလည်း သူ့အပေါ် ကောင်းတဲ့ပုံ မပေါ်ဘူး။ ကလေးက တအား ကြောက်ပြီး အခုလို ငိုနေတာတောင် မင်းက သူ့ကို လွှတ်မပေးသေးဘူးလား"
"အမှန်ပဲ၊ မင်း လုပ်ရပ်တွေကို ရပ်လိုက်ပါတော့၊ တကယ်လို့ ဒီအစ်မကြီးရဲ့ ခင်ပွန်းဟောင်းရောက်လာရင် ပိုဆိုးသွားလိမ့်မယ်"
လူအုပ်ကြီးသည် ကျင်းယွင်ကျောင်းအား စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်း၍ ပိတ်ဆို့ထားကြသည်။