Ruyi ဆာလောင်မွတ်သိပ်ခြင်းများနှင့် နိုးထလာသည်။ အိပ်ရာပေါ်တွင် ထိုင်ရင်း Ruyi တွေးကြည့်မိသည်။ တစ်စုံတစ်ယောက်များ စားစရာတွေ ယူလာပေးမလား၊ သို့မဟုတ် ဆက်ပြီး အပြစ်ခံပေးရဦးမလား…ရုတ်တရပ် အစေခံများ အခန်းတွင်း ဝင်လာသောအခါ Ruyi လန့်သွားသည်။ အစေခံတိုင်းတွင် ပစ္စည်း တစ်မျိုးစီ ကိုင်ထားသည်။ ရေဇလုံနှင့် ပုဝါ၊ လက်ဖက်ရည်၊ ဖိနပ်၊ ဝတ်ရုံများ၊ ထို့အပြင် လက်ဝတ်ရတနာများ… အခန်းများ မှားဝင်လာသလားဟု ထင်မိသော်လည်း အစေခံတစ်ယောက်က Ruyi့ အတွက်ဖြစ်ကြောင်း ပြောလာသည်။
ကိုယ်လက် သန့်စင်ကာ ကျောက်စိမ်းရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ပြီးနောက် အစေခံများသည် Ruyi့ကို ခေါင်းဖြီးပေးပြီး ကျစ်ဆံမြီး ကျစ်ပေးသည်။ ယခုအချိန်ထိ Ruyi သည် ကျောက်ရုပ် တစ်ရုပ်လိုသာ ထိုင်ရင်း အစေခံများ ပြုသမျှ ငြိမ်ခံနေလိုက်သည်။ ထုံးဖွဲ့ ဆင်ယင်ပြီးသောအခါ မနက်စာ စားရန်အတွက် စောင့်ဆိုင်းနေသော မင်းသားထံသို့ သွားရောက်ရသည်။
သတ်မှတ်ထားသော နေရာသို့ Ruyi ရောက်သည့်အခါ လူစုံနေပြီ ဖြစ်သည်။ ခါတိုင်းလိုပင် လှပသော အမျိုးသမီး (၄)ယောက်သည် မင်းသား၏ ဘေးပတ်ပတ်လည်တွင် ထိုင်နေကြသည်။
(T- ကြားဖြတ်ပြီး တစ်ခုပြောချင်ပါတယ်။ Ruyi က အဆိပ်ကြောင့် ဖြူဖျော့ပြီး အေးစက်နေတာကလွဲရင် တစ်ကယ်ကို လှပတဲ့ မိန်းကလေးပါနော်။ နောက်အပိုင်းတွေ ဖတ်ရင်းနဲ့ သိလာပါလိမ့်မယ်။ Ruyi က ရုပ်မဆိုးပါဘူး။ အရမ်းချောလွန်းလို့ ကျွန်တော်ဆို တစ်ပိုင်းဖတ် တစ်ခါကြွေပဲ 😂 reader တွေက Ruyi ရုပ်ဆိုးလားပဲ မေးနေကြလို့ပါ)
Ruyi ၏ တုံ့ဆိုင်းဆိုင်း အပြုအမူကြောင့် မင်းသားကို စိတ်မဆိုးစေချင်ပါ။ ထို့ကြောင့် မင်းသားနှင့် မျက်နှာချင်းဆိုင် လွတ်နေသော နေရာတွင် Ruyi ထိုင်လိုက်သည်။ အစေခံများက ဟင်းအမယ်အမျိုးမျိုးကို စားပွဲပေါ် နေရာချပေးချိန် Ruyi စားပွဲကိုသာ စူးစိုက်ကြည့်နေလိုက်သည်။ လှပသော မိန်းကလေး (၄)ယောက်သည် မင်းသား၏ ပန်းကန်ထဲသို့ ဟင်းတွေ ထည့်ပေးရင်း ကပ်ချွဲနေကြသည်။ မင်းသား တူကို ကိုင်မည့် အချိန်ကိုသာ Ruyi စိတ်ရှည်ရှည်နှင့် စောင့်လိုက်သည်။ အချိန် အတော်ကြာသည်အထိ မင်းသား၏ လက် တုတ်တုတ်မျှ လှုပ်မလာခဲ့ပါ။ ခံတွင်းမတွေ့ဘူးလားဟု မေးမြန်းကြသော်လည်း တုံ့ပြန်ခြင်း မရှိပါ။မင်းသား မနက်စာ မစားတော့သည်မှာ သေချာလေပြီ။ အစေခံများသည် စားပွဲပေါ်မှ ပန်းကန်များကို သိမ်းဆည်းသွားကြသည်။ မင်းသားကို စိတ်မကျေနပ်စေသော စားဖိုမှူးကို အပြစ်ပေးရန် အားလုံး အလုပ်ရှုပ်နေချိန်တွင် အစာ လစ်လပ်ကာ အောင့်နေသော ဗိုက်ကိုသာ Ruyi ပွတ်လိုက်သည်။
ထိုနေ့မနက်က Ruyi အခန်းသို့ မနက်စာ မစားရပဲ ပြန်လာခဲ့ရသည်။ အချိန်သည် တစ်ဖြည်းဖြည်း ကုန်လာပြီး အရင်နေ့ကလိုပင် ထိုနေ့ကလည်း ဘာမျှ မစားခဲ့ရပါ။ Ruyi့ အတွက် အဆိုးရွားဆုံး အပြစ်ပေးမှုမှာ အစာ မစားရခြင်းပင် ဖြစ်သည်။
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...