၄၁ -အတုအယောင် ကြင်နာမှုတွေ...

8.6K 811 55
                                    

အာရုံတက်စ နေ့အလင်းရောင်တို့ဝိုးတဝါးသန်းလျက် တောင်တန်းတို့ထက်မှ နေမင်းကြီး တစွန်းတစ ပေါ်ထွက်မလာခင်ထိ ပွဲတော်ကြီးက ဆုံးခန်းမတိုင်ခဲ့ပါဘူး ။ နန်းတော်ကြီး၏ ဂိတ်တံခါးတွေဆီမှထွက်ခွာလာတော့ မင်းသားရဲ့ဘေးမှာနေပြီး Ruyi တစ်ယောက် ပင်ပန်းနွမ်းနွယ်စွာပဲ လမ်းကိုမနည်းလျှောက်နေရတယ် ။

" မျက်လုံးတွေကို ပွတ်မနေနဲ့ … "

သူတို့အတူတူလျှောက်နေရင်း မင်းသားကခြေလှမ်းတွေကိုရပ်လိုက်ပြီး Ruyi ပါးပြင်ကိုလက်နှစ်ဖက်ဖြင့် ငြင်သာစွာကိုင်လာတယ် ။ ပြီးတော့ သူက သူ့လက်မတွေကိုသုံးကာ Ruyi ရဲ့လေးလံနေတဲ့မျက်လုံးတို့၏ အောက်ခြေကို အသာဖိပွတ်ပေးနေတယ် ။

" သက်သာလား … ? "

Ruyi ခေါင်းငြိမ့်ပြလိုက်ပြီး မြင်ကွင်းတွေကို ပိုကြည်ကြည်လင်လင်မြင်ရဖို့မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်မိတယ် ။

" ခဏသည်းခံထားဦး … ။ ကိုယ်တို့လှည်းထဲရောက်မှ နားလို့ရမှာ … ! "

သူတို့ဆက်သွားကြရင်း လှည်းကိုလှမ်းမြင်နေရချိန်မှာ ခေါ်သံတစ်ခုကြားလိုက်တာကြောင့် Ruyi ခြေလှမ်းတို့ တုံ့ခနဲရပ်သွားတယ် ။ ရင်းနှီးနေသည့် ထိုအသံက Ruyi နှလုံးခုန်နှုန်းကို အဆမတန်မြင့်တက်စေတယ် ။

Ruyi သတိမထားလိုက်မိခင်မှာပဲ Ruyi ကိုယ်ကို မင်းသားနောက်မှာ ကွယ်လိုက်မိကာ သူ့အကျီလက်စကို တင်းတင်းဆွဲဆုပ်ထားလိုက်မိလျက်သားဖြစ်သွားတယ် ။ မင်းသားက Ruyi ရဲ့အပြုအမှုကိုကြည့်ကာ တစ်ချက်ပြုံးရင်းသူမပါးကိုလက်ဖြင့် အသာပုတ်လိုက်မှ Ruyi နည်းနည်း စိတ်သက်သာရသွားတော့တယ် ။

အသံလာရာကို ကြည့်လိုက်မိတော့ Ruyi အဖေဖြစ်တဲ့အမတ်ချုပ်ကြီးနဲ့သူ့ဇနီးအပြင် အကြီးဆုံးအစ်ကိုဝမ်းကွဲနဲ့ ဝမ်းကွဲအစ်မတွေပါ ရှိတယ် ။ ပထမဆုံး Ruyi သတိပြုမိလိုက်တဲ့အရာကတော့ ဝမ်းကွဲအစ်မတွေရဲ့ စိမ်းစိမ်းကားကားအကြည့်တို့ပဲ ။ အထူးသဖြင့် Aifen ဆိုတဲ့အကြီးဆုံးအစ်မဝမ်းကွဲရဲ့ Ruyi အပေါ်ကြည့်တဲ့ပုံစံက မင်းသားရဲ့ကိုယ်လုပ်တော်တွေ Ruyi ကိုကြည့်တဲ့ပုံနဲ့ ချွတ်စွပ်တူတယ် ။

RUYIМесто, где живут истории. Откройте их для себя