Chapter 2

42.7K 3.7K 292
                                    

Unicode

ဖြိုးမိုး တစ်ယောက် ကွန်ပျုတာကို ပိတ်ပြီး နည်းနည်းအကြောဆန့်လိုက်သည်။
၆နာရီလည်းထိုးပြီမို့ အလုပ်ဆင်းရန်ပြင်လိုက်သည်။ ထို့နောက်တော့ အိမ်ပြန်ရထားစီးရန် ဘူတာသို့ဆင်းလာခဲ့သည်။ ရုံးဆင်းချိန်မို့ ရထားထဲမှာ လူအပြည့်။ တံခါးဘေး ထောင့်လေးမှာ မတ်တပ်ရပ်ရင်း နားကြပ်လေးတပ်ပြီး သီချင်းနားထောင်နေလိုက်သည်။ မကြာခင် သူဆင်းရမည့် ဘူတာနာမည် အော်သံကြားလိုက်၍ နားကြပ်ဖြုတ်ကာအိတ်ထဲပြန်ထည့်လိုက်သည်။

ဘူတာထဲကထွက်ပြီး လမ်းနည်းနည်းလျှောက်ရင်း စူပါမှာ ညနေစာချက်ဖို့ စျေးနည်းနည်း ဝင်ဝယ်လိုက်သည်။ သူဟာ ယောက်ျားလေးဖြစ်ပေမယ့် အပြင်စာတွေသိပ်စားလေ့မရှိ။ သူကိုယ်တိုင် ချက်ပြုတ်စားသည်ကများသည်။ သူစားချင်တာကို သူကိုယ်တိုင် ချက်စားတတ်ရမည်ဟု ခံယူထားသည်။ အခန်းရောက်တော့ အိမ်နေရင်း အဝတ်အစားလဲပြီး ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်သည်။ ထွေထွေထူးထူးတော့မဟုတ်၊ အရည်သောက်ဟင်းတစ်ခွက်နှင့် ကြက်ဥမွှေကြော်။

ဟင်းချက်ပြီးတော့ ရေတန်းချိုးလိုက်သည်။ ရေချိုးပြီးမှ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ညစာစားရင်း ဖုန်းထုတ်ကြည့်လိုက်တော့ ၈နာရီပဲ ရှိသေးသည်။ ဂျပန်နှင့် မြန်မာက အချိန် ၂နာရီခွဲကွာသည်။ သူ့အိမ်က မြန်မာပြည်အချိန်၆နာရီနောက်ပိုင်း၊ သူ့ဆီကအချိန် ၈ခွဲကျော်မှ သာ ဖုန်းခေါ်လေ့ ရှိတာမို့ အိမ်ကဖုန်းခေါ်မှာ စောင့်နေလိုက်သည်။

သူ့နာမည်ကဖြိုးမိုး၊ သူ့အသက်က ၂၆နှစ်။  UFL က ဂျပန်စာနဲ့ကျောင်းပြီးထားသည်။ မောင်နှမနှစ်ယောက်ပဲရှိပြီး သူကအငယ်။ သူ့မမ မေမိုးကတော့    အိမ်စီးပွားရေးကို ဦးဆောင်လုပ်နေတာဖြစ်သည်။ မမနှင့် သူက အသက် ၂နှစ်ပဲကွာပေမယ့် မမက သူ့ကို အလိုလိုက်သည်။ သူတို့အိမ်က အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ဖွင့်ထားတာဖြစ်သည်။ ကျောင်းပြီးတော့ မမနှင့်အတူတူ ဆိုင်ကို ဝိုင်းကူခဲ့ပါသေးသည်။ နောက် မမအိမ်ထောင်ကျတော့ ယောက်ဖကို အိမ်ခေါ်ထားပြီး မမနှင့်အတူ ဆိုင်ကို ဦးစီးစေလိုက်သည်။ သူကတော့ အစကတည်းက သူရည်ရွယ်ထားသည့်အတိုင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်မည် ဆိုသည့်စိတ်ကူးဖြင့် ဂျပန်သို့ ထွက်လာခဲ့သည်။ IT company တစ်ခုမှာ အလုပ်ဝင်လုပ်ဖြစ်ခဲ့သည်။ ဘာသာစကားမှာ အခက်အခဲမရှိပေမယ့် အိုင်တီနှင့် ပတ်သတ်သည်များကို ဂျပန်လို လေ့လာရတာဖြစ်၍ ရောက်စ တစ်နှစ်လောက်ကတော့ တော်တော်ပင်ပန်းခက်ခဲခဲ့သည်။ အခုတော့ အသားကျနေပြီဖြစ်သည်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now