Unicode
ဖြိုးမိုးတစ်ယောက် လက်ရှိအဖြစ်အပျက်တွေကို တခါတလေကျ အိပ်မက်မက်နေသလားဟု အယောင်ယောင်အမှားမှား အကြိမ်ကြိမ်ပြန်စဥ်းစားမိသည်။ သူ့အသက် ၂၆နှစ်အထိ သူဟာ သာမန်လူတစ်ယောက်ပဲဖြစ်ခဲ့သည်။ သာမန်ယောက်ျားလေးတစ်ယောက်။ ကျောင်းနေစဥ်ကစ၍ ဘွဲ့ရခဲ့သည်အထိ သူ့ဘဝကြီးဟာ ပုံမှန်ဘဝနှင့်နေခဲ့သည်။ သူဟာ အနည်းငယ် ရှက်တတ်၍ အများကတော့ လူရိုး လူအေးလေးတစ်ယောက်ဟု ပြောကြသည်။ ကျောင်းပြီးတော့ လည်း ပုံမှန် သူလိုငါလိုပါပဲ။ အိမ်အလုပ်လုပ်သည်။ သူ့မိဘတွေက ကျိကျိတက်ချမ်းသာတာမျိုးမဟုတ်ပေမယ့် သားသမီးတွေကိုတော့ အများတန်းတူ ပြည့်စုံအောင်ထားပေးနိုင်သဖြင့် စီးပွားရေးအရအပူအပင်မရှိခဲ့။ ထို့ကြောင့် ပင်ပန်းဆင်းရဲမှုဆိုတာကို သူသိပ်မကြုံခဲ့ဖူးတာတော့အမှန်ဖြစ်သည်။ သူ့အပေါင်းအသင်း သူ့သူငယ်ချင်းတွေကလည်း ပညာရေး၊ စီးပွားရေးမှာ သူနဲ့ လယ်ဗယ်တူရင်တူ၊ မဟုတ်ရင် သူ့ထက်သာတဲ့သူတွေပဲဖြစ်သည်။ အရမ်းမပြည့်စုံဘူးဆိုတဲ့သူမပါခဲ့။ ထို့ကြောင့် သူတို့ကြားမှာ အားနာလို့ငဲ့ညှာရမယ့်သူ၊ သနားစရာကောင်းသူဟုလည်း မတွေ့ခဲ့ပါ။
သူ ရည်းစားထားတုန်းကလည်း သူ့ကောင်မလေးကို အင်္ဂလိပ်စာ သင်တန်းတစ်ခုမှ တွေ့ခဲ့တာဖြစ်သည်။ အဲ့တုန်းက သူနဲ့အမြဲတတွဲတွဲဖြစ်သည့် အိလေးနှင့် မေသူမပါလို့ တစ်ယောက်တည်း ပျင်းနေခဲ့သည်။ အဖော်ကလည်းမရှ်ိလို့ ကြောင်တောင်တောင်ဖြစ်နေသည့် သူ့ကို ထိုကောင်မလေးတို့အုပ်စုမှ လာစကားပြောကြရင်း ခင်မင်သွားပြီး ထိုမှတစ်ဆင့်တက်ကာ ရည်းစားဖြစ်သွားကြခြင်းဖြစ်သည်။ သူ့ကောင်မလေး ပန်းယမုံ ကတော့ rich kid မို့ သူ့ထက်တောင် ပြည့်စုံပါသေးသည်။ အိလေးတို့ကဆိုရင် သူတို့နဲ့တစ်ခါလေး ခွဲပြီး သင်တန်းတက်လိုက်ပါတယ်၊ ရည်းစားတန်းရသွားတာကြောင့် သူ့ကို တဖြစ်ဖြစ်တောက်တောက်ပြောမပြီးတော့။ ထို့ပြင် သူ့ကောင်မလေးတို့ squad က အလှအပကြိုက်ပြီး အနံကြီးကွင်းကျယ်တယ်၊ မိန်းမဆန်လွန်းတယ်၊ သိပ်ပြီး ပေါင်းလို့သင်းလို့မကောင်းဘူးဟုဆိုကာ အိလေးတို့က ခင်ခင်မင်မင်မရှိခဲ့။ သူဂျပန်ကိုရောက်ပြီး သူ့ကိုလမ်းခွဲသွားကာ တစ်ပတ်အတွင်း နောက်တစ်ယောက်နှင့် RSချိတ်သွားတုန်းကလည်း ငါတို့ကထင်ပြီးသား၊ နင်တို့ နည်းနည်းလေးလောက်ဝေးလိုက်တာနှင့် အဲ့ကောင်မလေးက နင့်ကိုထားသွားမှာဆိုတာ သိတယ်ဟု ဆရာကြီးလေသံတွေနှင့်လာပြောနေကြသေးသည်။ သူတို့ကိုယ်တိုင်ကတော့ဖြင့် ချစ်သူတောင် တစ်ခါမှမထားဖူးတဲ့ ရေမရော FAစစ်စစ်တွေ။ နင်တို့က ရည်းစားတောင်မထားဖူးပဲ ဘယ်လိုလုပ်သိလဲဆိုတော့ နည်းပြတွေက ကိုယ်တိုင်ဝင်မကန်လည်း အကုန်လုံးကို နားလည်တယ်ဆိုပဲ။
![](https://img.wattpad.com/cover/210086749-288-k838283.jpg)
YOU ARE READING
မဟောင်းတဲ့ပုံပြင်
RomanceUnicode လူတိုင်းမှာပုံပြင်ကိုယ်စီရှိကြတယ်၊ တချို့ပုံပြင်တွေကတော့ အချိန်တန်တာနဲ့ ပျောက်ကွယ်သွားရတယ်။ သူတို့နှစ် ယောက်ရဲ့ပုံပြင်ကတော့ ဘယ်တော့မှမဟောင်းမယ့်ပုံပြင်တစ်ပုဒ်ပါပဲ။ Zawgyi လူတိုင်းမှာပုံပြင်ကိုယ်စီရှိကြတယ်၊ တချို့ပုံပြင်တွေကတော့ အချိန်တန်တာနဲ...