Chapter 26

25.3K 2.5K 80
                                    

Unicode

ဖြိုးမိုး မြန်မာပြည်ပြန်ရန် တစ်ပတ်တောင်မလိုတော့ပေ။ အထုတ်အပိုးတွေနည်းနည်းချင်းထည့်နေသည်။ အဝတ်အစားကတော့ အများကြီးသယ်သွားဖို့စိတ်ကူးမရှိခဲ့။ အိမ်မှာကျန်ခဲ့သည့် အဝတ်တွေဝတ်လို့ရသည်။ လေယာဥ်လက်မှတ်နှင့်အတူ ဝယ်ထားတဲ့ ကီလိုက ကီလို၄၀ဆိုတော့ အများကြီးမဟုတ်တောင် အတော်အသင့်တော့သယ်လို့ရပါသည်။ ထို့ကြောင့် အိမ်အတွက် မုန့်တွေရယ်၊ မမ အတွက် အဝတ်အစားနည်းနည်းရယ်၊ သူ့သူငယ်ချင်းအမတွေမှာတဲ့ cosmeticsတွေ၊ သူ့ငယ်ချင်းအထီးတွေအတွက် ဒီက Umeshuလို့ခေါ်တဲ့ မက်မန်းသီးနှင့်ဆင်တူတဲ့ ume သီးနှင့်လုပ်ထားတဲ့ အရက်ရယ် ဒါတွေဝယ်ထည့်ထားသည်။ ကျန်တာကတော့ သူ့ကလေးအတွက်ဝယ်ထားတဲ့ အဝတ်အစားနည်းနည်းပါပဲ။ ထိုအရာတွေအားလုံးထည့်ပြီး အိတ်ကိုဝိတ်ချိန်ကာ ၄၀ကီလိုပြည့်ဖို့ လိုအပ်သည့် ကီလိုနည်းနည်းကိုပဲ သူ့အဝတ်အစားတွေထည့်လိုက်သည်။ Hand carry အနေနဲ့ ၇ ကီလိုသယ်လို့ ရသေးပေမယ့် ခရီးထွက်သည့်အခါ ဘာတစ်ခုမှ လက်ကမကိုင်ချင်သည့်အတွက် မသယ်တော့ဘူးဆုံးဖြတ်လိုက်သည်။ check in ကောင်တာမှာပဲ အိတ်အကုန်အပ်လိုက်တော့မည်။

ထို့အပြင် ရုံးမှာလည်းအသေအကြေကို အလုပ်ရှုပ်နေသည်။ သူမြန်မာပြည်ပြန်မည့်တစ်လအတွင်း သူ့ team ကလုပ်စရာရှိတာတွေကို အပြတ်ဖြတ်သင့်တာဖြတ်၊ မဖြတ်နိုင်တာတွေကို တခြားteamကိုလွှဲပေးနိုင်တာလွှဲပေး၊ deadlineတွေကိုပြန်ညှိနဲ့ မပြန်ခင် ထိုတစ်ပတ်လုံး အချိန်ပိုတွေဆင်းနေရတော့သည်။ ထို့ပြင် သူတို့ရုံးက မြန်မာပြည်မှာလည်း projectအသစ်တစ်ခု လုပ်ဖို့ အစီအစဥ်ရှိနေသေးသည်။ ဒါ့ကြောင့် ပြည်တော်ပြန်ခရီးစဥ်မှာလည်း အလုပ်ကသယ်သွားရအူးမယ်။ ကိုယ့်နိုင်ငံကို အလည်တစ်ခေါက်ပြန်ဖို့အရေးက လွယ်ကူမနေခဲ့ဘူး။ ဒါကို သူ့ကို အမြဲတမ်း ပြန်မလားဘူးလား မေးနေတဲ့ ဟိုကလေးပေါက်စ သိစေချင်သည်။ ဒီတစ်ခေါက် ပြန်တဲ့ ကိစ္စမှာလည်း သူ့ရဲ့ တစ်နှစ်လုံးစာ လစာရခွင့်ရက် အကုန်သုံးလိုက်ပြီဖြစ်သဖြင့် နောက်များ အလုပ်ပျက်ရက်ရှိလာလျှင် လစာကဖြတ်ခံရဦးမည်။ ဒါပေမယ့်အခုလို ညဥ့်နက်တဲ့အထိ အချိန်ပိုဆင်းနေတာတွေရော၊ အလုပ်ပင်ပန်းတာတွေအကုန်လုံးကလည်း သူ့ကလေးနဲ့တွေ့ရမှာဆိုတဲ့အသိနဲ့တင် အမောပြေပါသည်။ ထို့ကြောင့် အလုပ်တွေများနေလည်း အပြုံးမပျက်သည့်သူ့ကို ရုံးကလူတွေက မြန်မာပြည်ပြန်ခါနီးမို့ သိပ်ပျော်နေတာလားဟု မကြာခဏမေးကြသည်။ အင်းပေါ့ မိသားစုနဲ့တွေ့ရမှာပဲ၊ ပျော်တာပေါ့လို့ ပြန်ဖြေလိုက်သည်။ မိသားစုအပြင် အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေးတဲ့ချစ်သူလေးနဲ့တွေ့ရမှာမို့ ရင်ခုန်နေတာက ပိုသည်လို့တော့ မပြောလိုက်တော့ပါဘူး။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now