Chapter Part 35

26.1K 2.4K 168
                                    

Unicode

ဘဝမှာ ကိုကို့ကို လွမ်းရတာနဲ့ အောင်မြင်ဖို့ကြိုးစားရတာ ဘယ်တစ်ခုက ပိုခက်လဲဆိုရင် အောင်မြင်ဖို့ကြိုးစားရတာက ပိုလွယ်ကူပါတယ်။ ပူနွေးအောင် မဆုပ်ကိုင်ရသေးတဲ့ လက်ကလေးကို လွှတ်ပေးလိုက်ရတာ ဘယ်လောက်ခက်ခဲပင်ပန်းလဲဆိုတာ ကိုကို ပြန်သွားပြီးတဲ့ နောက်နေ့တွေကစ သိရှိခဲ့ရသည်။ နိုင်ငံတစ်ခု၏ နယ်နိမိတ်ထဲမှာ အတူရှိနေသေးတာပဲဆိုတဲ့အသိလေးနဲ့ အားတင်းထားလို့မှ မဆုံးခင် ကိုကို ဟိုပြန်မယ့်ရက်တို့က တဖြည်းဖြည်းနီးကပ်လာပြီ။ အရင်လို time zoneတွေပြန်ကွာခြားတော့မည်။ သူက သုံးရာသီနဲ့လည့်ပတ်နေတဲ့ နေရာတစ််ခုမှာ ကျန်ခဲ့ပြီးတော့ ကိုကိုကတော့ လေးရာသီရှိတဲ့နယ်မြေတစ်ခုကို ထွက်ခွာတော့မည်။မတူညီတဲ့အချိန်၊ မတူညီတဲ့နေရာ၊ မတူညီတဲ့ အစားအစာတွေကြားမှာ မောင်တို့အချစ်တွေကတော့ အမြဲ တူညီနေပါရစေ ကိုကိုရေ။  အချစ်တွေ တိုးလာမိတော့ အလွမ်းတွေကလည်း နက်သထက်နက်လာသည်။ အလွမ်းကို တိုင်းတာလို့ရမည်ဆိုပါက သူ့အလွမ်းတွေက စံချိန်ကျော်အလွမ်းတွေဖြစ်နေပေလိမ့်မည်။

ကိုကို မြန်မာပြည်က ထွက်ခွာတဲ့နေ့က လက်ပြနှုတ်ဆက်ခွင့်လေးတောင် သူ့မှာ မရှိခဲ့။ Boarding gateမှာစောင့်နေတုန်း ကိုကိုခေါ်လာတဲ့ phone callလေးနဲ့  သူဟာ လေထဲကနေပဲ ချစ်သူကို နှုတ်ဆက်အနမ်း ပေးလိုက်ရသည်။ ဘာလိုအပ်ချက်တစ်ခုမှ မရှိအောင်ပြည့်စုံနေတဲ့ ထိုလူသားကို သူကတော့ တစ်စက်ကလေးမှ စိတ်မပူပဲမနေနိုင်ခဲ့။ ကျန်းမာရေးဂရုစိုက်ဖို့၊ အစားမှန်အောင်စားဖို့၊ နေကောင်းအောင်နေဖို့ ဆိုတဲ့ အပ်ကြောင်းထပ်နေတဲ့ မှာကြားမှုတွေကိုပဲ အကြိမ်ကြိမ်  ပြန်ကျော့ပြီး သတိပေးမိသည်။ အစကတည်းက ဝေးကွာနေခဲ့သူနှစ်ဦးမို့ အခုလိုပြန်လည် ခွဲခွာရတဲ့အခါ အရမ်းကြီး မခံစားရလောက်ပါဘူးလို့ ထင်ခဲ့မိတာ တက်တက်စင်အောင် လွဲမှားခဲ့သည်။

သူမသိလိုက်တဲ့အချိန်လေးအတွင်းမှာ သူ့ကို ကြည့်နေတဲ့ ကိုကို့ အပြုံးအေးအေးလေး၊ ဘေးနားကနေ အမွှေးနံ့သာဘူးတစ်ခုခု ထားထားသလို အမြဲမွှေးနေတဲ့ ကိုကို့ ကိုယ်သင်းနံ့လေး၊ ဖက်ပြီးရင် ပြန်မလွှတ်ချင်တဲ့တော့ ကိုကို့ ခန္ဓာကိုယ်နွေးနွေးလေး၊ ချိုမြိန်တဲ့အနမ်းတို့ ပေးခဲ့တဲ့ ကိုကို့နှုတ်ခမ်းဖောင်းဖောင်းအိအိလေး၊ ကိုကိုနဲ့ပတ်သတ်သမျှ အရာအားလုံးကို စွဲလမ်းမိပြီဖြစ်သည်။ ကိုကိုက သူ့ကိုမပြုစားခဲ့ပါ။ သူကိုယ်တိုင်က ကျေကျေနပ်နပ် ကျရှုံးခဲ့တာဖြစ်သည်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now