Ep-6(Unicode)

12.5K 1.4K 57
                                    


ရေချိုးပြီးအခန်းထဲက ထွက်လာတော့ အောက်ထပ်ခန်းတစ်ခုလုံး ကြာဆံဟင်းအနံ့လေး လှိုင်လှိုင်သင်းနေသည်။ ရေအနည်းငယ်စိုနေသေးသော ဆံပင်ကို လက်နဲ့ခါလိုက်တော့ သဲမှုန်တွေ လက်မှာကပ်ပါလာသည်။ ဘုန်းမြတ်ကိုစနောက်ပြီး ခြံအနောက်ပြေးရင်း သဲတွေနဲ့ ကောက်ပက်လိုက်တာကြောင့် တကိုယ်လုံးသဲလူသားဖြစ်ပြီးရေချိုးပေမယ့် ယားကျိကျိနဲ့မပြောင်သလို။ ပိုမွှေးပြန့်လာတဲ့ ကြာဆံဟင်းအနံ့လေးကြောင့် သောမာန် ခြေလှမ်းတို့ပိုသွက်လိုက်သည်။အပြင်မှာဝယ်စားတဲ့အခါတိုင်း နည်းနည်းလေးမှ လှည့်မကြည့်တတ်ပေမယ့် မေမေရဲ့ လက်ရာကိုတော့ သူ အလွန်နှစ်ချိုက်သည်။

"သားကို နည်းနည်းပဲထည့်ပေးနော် ဆရာမ ။အများကြီးမကုန်လို့ "

လှေကားအရင်းရောက်တော့ ထမင်းစားခန်းမှ ထွက်လာသော အသံခပ်စူးစူးလေးတစ်ခု။ သောမာန်ဝင်သွားတော့ ဘုန်းမြတ်ဘေးမှာ ထိုင်နေသော ဟိုဘက်အိမ်က မခ ဆိုတဲ့ကောင်လေးဖြစ်နေသည် ။ လူလည်းမကြောက်သလို သူ့အိမ်အတိုင်း ဝင်ထွက်သွားလာ ရဲတင်းသည်။ ဘုန်းမြတ်သူငယ်ချင်းတွေ အိမ်လာလည်တဲ့အခါ ဖေဖေကိုတွေ့တိုင်း အမြှီးကုတ်နေတတ်ပေမယ့် ဒီကောင်လေးက စစ်တိုက်ကြေးဆော့ ရအောင်လို့တောင် ပြောတာကို သောမာန် မထင်မှတ်ဘဲကြားခဲ့ဖူးသည်။ ကြာဆံဟင်းပန်းကန်ကို မွှေရင်း သူ့ကိုမြင်တာနဲ့ မျက်လုံးလေးတွေမှိတ်သွားတဲ့အထိ ပြုံးပြသော်လည်း ပြန်လည် တုန့်ပြန်ခြင်းမပြုတော့ ခေါင်းငုံ့ကာ ပန်းကန်ထဲ ဆက်မွှေနေသည်။ သောမာန်ရှေ့မှာ မေမေက တစ်ပန်းကန်ချပေးပြီး

"သားတို့ စားနှင့်နော် မေမေ မင်းတို့အန်တီမိုးကို သွားပို့လိုက်အုံးမယ်။ သူက စာရွက်နဲ့ဘောပင်ရှိနေရင် လောကကြီးနဲ့အဆက်သွယ်ပြတ်နေတာ ဒီဘက်ခေါ်လည်းလာမှာမဟုတ်ဘူး"

မေမေက ပြောပြောဆိုဆို ဇလုံတစ်လုံးနဲ့ အပြည့်ခပ်ပြီး အောက်ကနေ ပန်းကန်ပြားတစ်ချပ်ခံကာ ဟိုဘက်ခြံကိုကူးသွားသည်။စားပွဲပေါ်မှာ ငရုတ်သီးကြော်ကို ညှပ်နေအောင်ထောင်းထားတဲ့ ပန်းကန်လုံးဘေးတွင် သံပရာသီးစိပ်နဲ့ နံနံပင်အရွက်ပုံစံမပျက်ခြွေထားတဲ့ ပန်းကန်ပြားရောရှိသည်။ သံပရာသီးတစ်စိပ်နဲ့ ငရုတ်သီး နည်းနည်း ယူထည့်ပြီးမွှေရင်း အရှေ့က ပန်းကန်နှစ်ချပ်ကို လှမ်းကြည့်တော့ ဘုန်းမြတ် ပန်းကန်ထဲမှာငရုတ်သီးမှုန့်ကြောင့် မူလ ကြာဆံဟင်းအရောင်ပျောက်ပြီး နီရဲနေသည်။နံနံပင်တွေကလည်း ပန်းကန်တစ်ဝက်နီးပါးလောက် ထည့်ထားသည်။သူ့ဘေးက ပန်းကန်ကတော့ အပေါ်ဆီသာမပါရင် သေခါနီးရောဂါသည်လူနာလို ပျော့တိပျော့ဖက်သမ်းကာ ဘာအရောင်မှမပါသလို။သောမာန် မွှေနေတာကို ကြည့်ပြီး သံပရာသီးတစ်စိပ် လှမ်းယူကာထည့်သည်။ ထို့နောက်နံနံပင်ကို ကိုင်လိုက်ပြန်ချလိုက် နှစ်ခါလုပ်ပြီးမှ ငရုတ်သီးကောက်ထည့်သည်။

ဟေမန်ခသော နွေWhere stories live. Discover now