Ep-14(Unicode)

9.8K 1.3K 112
                                    


ညီညာ ပြန့်ပြူးနေသော မြက်ခင်းစိမ်းများပေါ် အသည်းသန်ပြေးလွှားနေသော လူတစ်စု။ တစ်ဖက်ကို တစ်ဆယ့်တစ်ယောက်ရှိပြီး စုစု ပေါင်းဒိုင်လူကြီးအပါဝင် ကွင်းထဲမှာ လူနှစ်ဆယ့်သုံးယောက်ရှိနေသည်။ အားပါရင် ပါသလို လိမ့်ထွက်သွားသော ဘောလုံးမှာ မိမိတို့ အသက်ပါရှိနေသည့်အတိုင်း အာရုံအပြည့်စိုက်ကာ လှုပ်ရှားနေကြသော ဘောလုံးသမားတွေက အပြာတစ်ဖွဲ့၊အနီတစ်ဖွဲ့။မြို့နယ် အဆင့်ပြိုင်ပွဲဖြစ်သော်လည်း အားပေးကြတဲ့ လူတွေတော်တော်များသည်။

ကန်နေကြသော ဘောလုံးသမားတွေက ဘောလုံးကို အာရုံစိုက်ကြသလို ကြည့်ရှူသူအပေါင်းကလည်း ခြေအိတ်​ရှည်ဝတ်ထားသော ခြေထောက်များထံမှ စွဲညို့မှု့ကို ခံထားရသလိုပင် ။ အသံဝင်လုနီးပါးဖြစ်နေသော မခကတော့က ရှေ့တန်းတိုက်စစ်မူးနေရာမှာ ရှိနေသော ဘုန်းမြတ်ရဲ့ နာမည်ကိုသာ မမောတမ်း ဆက်တိုက်အော်နေလေသည်။ကွင်းလယ်ကနေ ဟိုရွေ့ဒီရွေ့ပြေးလွှားနေသော ဘောလုံးက ဘုန်းမြတ် အနားရောက်သည်နှင့် မခမှာ ဖင်တကြွကြွဖင့် ဂဏာမငြိမ်နိုင်။ ကိုယ်တိုင် ဝင်ကန်ရသည်ထက်ကို ဘေးက ကြည့်နေရခြင်းက ပိုစိတ်လှုပ်ရှားပြီး အူတွေ အသည်းတွေ ထဲမှာ ကလိကလိနဲ့ ကိုယ့် အသံ ဘယ်လောက် ကျယ်နေသလဲဆိုတာ သတိမထားမိတဲ့ အထိ။

ဘောလုံးကွင်းထဲ ကြည့်နေချိန် မျက်စိရှေ့မှာ ပေါ်လာသော အပြာနုအောင် ဂါဝန်စကြောင့် မြင်ကွင်း ကွယ်သွားသော်လည်း ကျွန်တော်ဒေါသမထွက်ဖြစ်။ ဘယ်သူဆိုတာ သိသည်။ မော့ကြည့်လိုက်တော့ အပြုံးချိုချိုနဲ့ ရှင်ငြိမ်းက ပိုက်တပ်ဖျော်ရည်တစ်ဘူးလှမ်းပေးကာ ဘေးမှာ ဝင်ထိုင်သည်။ နောက်ထပ် ကိုင်ထားသော ပန်းရောင်ဖျော်ရည်ဘူးလေးအား ကျွန်တော့်ကို ကျော်ကာ ဘောလုံးပွဲနဲ့ ရုပ်ရှင်ရုံ မှားနေသော မာန်ကိုလှမ်းပေးသည်။ သိုသော် ခုံအနောက်သို့ ပျင်းရိစွာ မှီထိုင်နေရင်း ခေါင်းတစ်ချက်သာ ရမ်းပြသော မာန်ကြောင့် အနည်းငယ် လက်တွန့်သွားတဲ့ရှင်ငြိမ်းက သူတို့ရဲ့ အရှေ့တန်းခုံမှာထိုင်နေသော နိုင်ထက်ကို လှမ်းပေးလိုက်သည်။

ဆံပင်ရွှေအိုရောင်ကို အနောက်သို့ အပြောင်လှန်ဖီးထားတဲ့ အစ်ကိုနိုင်ထက်က ဘောလုံးပွဲ မှာ လာရောက်အားပေးကြသော မိန်းကလေးတွေထဲက ၉၀ရာခိုင်းနှုန်းလောက်ရဲ့ အာရုံစိုက်ခြင်းက သူ့ဆီမှာသာဖြစ်သည် ။ ဂျင်းဝမ်းဆက်ကို ဝတ်ဆင်ထားသော်လည်း စမက်ကျတဲ့ သူ့ဟန်ပန်ကြောင့် ခေတ်နောက်ကျမနေပါ။ပြုံးလိုက်တိုင်း ပေါ်လာတဲ့ သွားတက်နှစ်ဖက်က ငေးမောနေသော ကောင်မလေးတွေရဲ့ နှလုံးသားကို ချိတ်ဆွဲသွားနေသည်။သူတို့မောင်နှမ နှစ်ယောက်နဲ့ အရင်လို မဟုတ်တာတော့သေချာသည် ။ အကြောင်းစုံသိပြီးချိန် ရှင်ငြိမ်းက အနည်းငယ် စိမ်းသွားသော်လည်း အခုပြန်ခေါ် ဖြစ်သည်။
အစ်ကိုနိုင်ထက်ကတော့ သူ့အမေနဲ့ တွေ့ပြီး နောက်ရက်တွေမှာ ရန်လည်းမရှာတော့သလို ခင်မင်သွား တာလည်းမဟုတ် ။ ဒီအတိုင်း ခပ်တန်းတန်းသာ ။တစ်ခုရှိတာက အခုပွဲမှာ အစ်ကိုဘုန်းမြတ်တို့ဘက်က အသင်းကို အားပေးတာမဟုတ်ဘဲ ဟိုဘက်အသင်းဘက်ကနေ ရပ်တည်ပြီး ဒီမှာ တစ်ယောက်တည်း လာထိုင်နေခြင်းဖြစ်သည်။ ဘေးက မာန်နဲ့ ဘယ်အချိန် ထသတ်မလဲ ဆိုတာ စောင့်ကြည့်နေရတာလည်း မခဖို့ အလုပ် တစ်ခု။

ဟေမန်ခသော နွေWhere stories live. Discover now