Ep-12(Unicode)

6.2K 863 25
                                    


ရှိုက်ကာ ဖွာလိုက်တဲ့ မီးစငယ်ရဲ့အစွန်းတစ်ဖက်မှာ မှုန်မှိုင်းမှိုင်း မီးခိုးရောင်အငွေ့တွေက ပန်းသွေးရောင် နှုတ်ခမ်းပါးမှာ အကျဉ်းတန်စွာ။ သို့သော် ဒီလို ရှိုက်ဖွာရတာကို နှစ်သက်သည်။ထုံထိုင်းနေသော စိတ်အစုံတို့က မီးခိုးငွေ့နဲ့ အတူ လေထဲမှာ လွှင့်မျောသွားသည့်ဟန်ဖြင့် ခဏတာ စိတ်ပေါ့ပါးစေ၏။

ကျေးငှက်တို့ တကျီကျီအော်နေတဲ့အသံနဲ့အတူ လေတိုက်လို့ ယိမ်းယိုင်နေသော သစ်ပင်အကိုင်းအခတ် ရိုက်သံတို့သာ ကြီးစိုးနေသည်။တစ်နေကုန် အသက်ဝင်နေတဲ့ ကျောင်းဆောင်ကြီးဟာ အခုကျောင်းဆင်းချိန်မှာတော့ တိတ်ဆိတ်ကာ အသက်မဲ့လျက်။

အစွန်ဖျားဆုံးက ကျောင်းဆောင်ရဲ့ နံရံကို မှီကာ နိုင်ထက် ဆေးလိပ်လာသောက်ဖြစ်သည်။မည်သူ တစ်ဦး တစ်ယောက်မှ ရှိမနေတဲ့အချိန် ကို နှစ်သက်သည်။ အတုအယောင် ၊အပေါ်ယံတွေ ကင်းရှင်းနေချိန်ကို သူသဘောကျသည်။

သက်ပြင်းချကာ အနောက်သို့ ခေါင်းကိုမှီလိုက်ချိန် ဆစ်ခနဲ ထိုးကိုက်သွားတဲ့ နောက်စေ့ကြောင့် အရှေ့ကို အမြန် ပြန်ကိုင်းလိုက်ရသည်။
ခပ်ပြင်းပြင်းတောက်တစ်ချက် ခေါက်သံရဲ့နောက်မှာ အံ့ကြိတ်ကာရွတ်လိုက်သည့် အမည်နာမတစ်ခု။

" နှိုင်းမခသွေး ..."

တုန်လှုပ်ကြောက်ရွံ့နေတဲ့ကြားကအမှန်တရားကိုရအောင်ပြောပြသည်။မျက်လုံးချင်းတောင် ယှဉ်မကြည့်ရဲဘူးဆိုသော်လည်း မိမိချယ်လှယ်တဲ့အတိုင်း မနေတာတော့ အမှန်။အကြောင်းစုံသိတဲ့ ညီမ ဖြစ်သူက ကိုယ်ဆင်တဲ့အကွက်ကို ကောင်းကောင်းကြီးပြန်လှန်ပြစ်ခဲ့သည်။ ယွန်းကလျာက သူမနဲ့ အတူရှိနေတာပါလို့ အတိအကျမဟုတ်ဘဲ မသေမချာ ထွက်ဆိုတာ က အစ်ကိုဖြစ်သူအတွက်ပြန်စဉ်းစားနေလားတော့ မပြောတတ်။ ရယ်စရာတော့ကောင်းသည် မည်သူမှ သူ့ဘက်မှာရှိမနေဘူး။

ပြသနာကို ဒီထက် မကြီးစေချင်တဲ့ ကျောင်းအုပ်က အနာပေါ် အနာဆင့်စေတဲ့ သောမာန်ကိုပဲ ကျောင်းသန့်ရှင်းစေပြီး ကျန်တဲ့ပါဝင်သူတွေကိုတော့ နောက်မဖြစ်စေရန် ဝန်ခံကတိနဲ့သာ ပြီးစေခဲ့သည်။ ကံကောင်းခြင်းဆိုတာက ဘာလို့ ဒီကောင်လေးဆီမှာရှိနေသေးတာလဲ ။နှိုင်းမခသွေးဘက်ကနေ အမြဲကာကွယ်ဖို့ အသင့်ရှိနေတဲ့လူတွေကို မုန်းသည်။ သူ့မှာ တစ်စုံတစ်ခုဖြစ်ခဲ့ရင်တောင် ကူညီပေးမယ့်သူ မရှိသလို ယုံကြည်ရတဲ့ တိုင်ပင်ဖော်လည်းမရှိ ။ သူကိုယ်တိုင်ကလည်း မိခင် အပါအဝင် မည်သူ့ကိုမှ ယုံကြည်မှုမရှိတော့တာ ဆို ပိုမှန်လိမ့်မည်။

ဟေမန်ခသော နွေWhere stories live. Discover now