" တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သူမအပြုံးကို မြင်တဲ့အချိန်တိုင်း ဘယ်ဘက်ရင်အုံ ပါ လှိုက်ခနဲ နွေးသွားကြောင်းကို မထိရက် မကိုင်ရက်ရအောင် မြတ်နိုးဖွယ်ကောင်းသော ထိုအမျိုးသမီးသိအောင် ပြောပြချင်ပါသည် "
**************
နွေရဲ့ အလင်းဓာတ်နဲ့ အနွေးဓာတ်တို့က သူများတွေအတွက် ပူလောင်စေသာ်လည်း သူမအတွက်တော့ ငွေ့ငွေ့လေး နွေးနေသလိုပင်။ နွေကို ချစ်သည်၊ သစ်ရွက်ကြွေတို့ကို မြတ်နိုးသလို နွေရာသီရောက်မှ စားရသော တွန်းလှည်းနဲ့ ရေခဲခြစ်ကိုလည်း ကြိုက်သည်။ လောလောဆယ်တော့ နွေကိုချစ်သော နေရောင်ခြည်ကို မြတ်နိုးသော သူမခြေလှမ်းတို့ရဲ့ ဦးတည်ရာက ရန်ကုန်မြို့ရဲ့ တိတ်ဆိတ်ငြိမ်သက်လှတဲ့ ရပ်ကွက်အတွင်းက ရိပ်သာကြီးတစ်ခုဆီသို့။ မြင့်မားလှသော အပူရှိန်ကြောင့် နဖူးမှ ချွေးတို့ တစ်စက်စက် ကျနေသည့်တိုင် မျက်နှာမှာ နွမ်းနွယ်ဟန် တစ်စက်မှ မတွေ့ရ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းက အားမာန် အပြည့်နှင့် ။ အချိန်ကား နှစ်ထောင့်ဆယ့်နှစ် ခုနှစ် နွေရာသီ ကျောင်းပိတ်ရက် တစ်ရက်။
ရိပ်သာနဲ့ တစ်ဖြည်းဖြည်းနီးလာတော့ ခြေလှမ်းတို့ကို အရှိန်လျှော့လိုက်ရင်း လမ်းချိုးလေးထဲ ချိုးဝင်လိုက်သည်။ အပင်တွေအုပ်ဆိုင်းနေသောကြောင့် နေပြောက်ပင် မထိုးနိုင်အောင် အရိပ်ရနေသည်။ မောဟိုက်ခြင်းတွေ အခိုက်အတန့်အားဖြင့် သက်သာသွားသလို အေးမြမှုကိုလည်း ခံစားလိုက်ရသည်။ရိပ်သာရှေ့ အဆောက်အအုံဆီဘက်က ထွက်ပေါ်လာသော ဆွဲဆွဲငင် တွန်နေသော ဥသြငှက်ရဲ့ အသံကလည်း အလွမ်းတွေကို ပိုပြီး အားဖြည့်ပေးနေသလိုပင်။
မျက်လုံး တစ်ချက်ဝေ့ပြီး ကျောင်းကို ကြည့်လိုက်တော့ စာဝါတက်ခဲ့သော ဓမ္မာရုံ နဲ့ ကိုယ်နေခဲ့သော အမျိုးသမီး ယောဂီဆောင် အပါအဝင် အရာအားလုံးကတော့ အရင်အတိုင်း မပြောင်းလဲ တည်ရှိနေဆဲ ။ စာဝါတက်တဲ့ အချိန်သူငယ်ချင်းတွေနဲ့ ရယ်မော ပျော်ရွှင်ခဲ့တာတွေ ၊ စာစုကျက်တဲ့ အချိန် တစ်ယောက်နဲ့ တစ်ယောက် စနောက်ခဲ့တာတွေ အမှတ်တရ အားလုံးက မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သည့်အတိုင်း မှတ်ဥာဏ်ထဲမှာ အနှေးပြကွက်တစ်ခုလို ပြန်ပေါ်လာ၏။ ရိပ်သာ ကို တစ်မေ့တစ်မောကြီး လှည့်ပတ်ကြည့်နေတုန်းမှာပဲ ဆွမ်းစားချိန်တိုင်း ဘေးမှာအမြဲရှိပြီး ကြောင့်ကြစိုက်ပေးခဲ့သော ယွန်း အရမ်းချစ်ရသော စီနီယာ အစ်မ တစ်ယောက်ကိုတွေ့ရတာ ပျောက်ဆုံးနေသော အရာတစ်ခုကို မထင်မှတ်ပဲ ပြန်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။ ချိုမြိန်သော အပြုံးတစ်ပွင့်ဖန်ဆင်းရင်း
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်