(၁)[Unicode]

143K 8.4K 837
                                    

နှင်းဆီနီနီများ၏ရနံ့တို့ သင်းပျံ့ကြိုင်လှိုင်နေသော ခြံဝန်းကျယ်ကြီးထဲရှိ ဒန်းလေးတစ်ခုပေါ်တွင် အသက်ငယ်ငယ်ကောင်ငယ်လေးတစ်ယောက် ထိုင်နေလေသည်။

ထိုကောင်ငယ်လေးသည် တောင်ဘက်ခြံအပေါ်ထပ်ရှိ အခန်းငယ်လေးဆီသို့ ငေးမောကြည့်နေခဲ့သည်။ ထိုကောင်ငယ်လေးသည် တစ်စုံတစ်ရာကို ခပ်ပေါ့ပေါ့ကလေး တွေးတောနေဟန်၊ မဟုတ်သေး။ သူ ဘာတွေးနေမိသည်ကိုပင် ရေရေရာရာမသိတော့ပါချေ။

သူ၏ အတွေးတို့သည် ရောက်တတ်ရာရာဖြစ်နေ၏။ တွေးနေ၊ ငေးနေရသည်ကိုပင် ထိုကောင်ငယ်လေးက သာယာနေဟန် ခပ်ဆွေးဆွေးကလေး ဖြစ်နေပါ၏။

သူ၏လက်ထဲတွင်လည်း စီးကရက်တစ်လိပ်ကို မီးညှိထားလျက်သားဖြစ်ချေ၏။ ထို့အပြင် သူ၏ပါးစပ်မှလည်း စီးကရက်အငွေ့များ တထောင်းထောင်းထနေပါသေး၏။

သူ၏နာမည်ကား မြတင့်ဟု ခေါ်တွင်ပါ၏။ မြတင့်သည်ကား အရူးပင်ဖြစ်၏။ သို့ပါသော်လည်း ထက်မြက်သည့်အရူးပင်ဖြစ်‌‌ေချပါ၏။ သို့ရာတွင် အချစ်နှင့်တွေ့လျှင် အရူးကလေး မြတင့်သည် တုံးအသွားတတ်သည်။

မြတင့်ကား ပြတ်သားသည်ဟု လူအများက သတ်မှတ်ပေးကြပြန်ပါ၏။ သို့ရာတွင် ရံဖန်ရံခါ ဝေခွဲမရဖြစ်နေတတ်သည်ဟုလည်း ဆိုကြပြန်၏။ မြတင့်မှာ ခပ်ပြတ်ပြတ်ပြောဆိုတတ်သော်လည်း ရံဖန်ရံခါတွင်တော့ နူးညံ့နေတတ်ပြန်သည်ဟု သတ်မှတ်နိုင်ပါသေး၏။

လူတွေက မြတင့်အကြောင်း ဘယ်လောက်သိလို့များ မြတင့်အား ဤသို့နှယ် သတ်မှတ်နေကြရပါသနည်း။ မြတင့်က သူတို့သတ်မှတ်ချင်တိုင်း သတ်မှတ်ပစ်လို့ ရမတဲ့လား။ မြတင့်က ထာဝရအတွက် မြတင့်ပင်ဖြစ်နေမည်ဖြစ်၏။

မြတင့်က ဘယ်လိုဘယ်ပုံပါဟူ၍ သတ်မှတ်ပေးနေကြဖို့ လိုလည်း မလိုကြပါချေ။

မြတင့်ထံတွင် ခံစားတတ်သော နှလုံးသား မရှိဟုထင်ရသော်လည်း အမှန်မှာတော့ မြတင့်သည်ကား ချစ်တတ်လွန်းသူတစ်ယောက်သာ ဖြစ်ချေ၏။

သို့ပါသော်ငြား မြတင့်သည် ဘာကြောင့်များ အချစ်မခံခဲ့ရပါသနည်း။ သူ၏ ထူးခြားသောအကြိုက်ကြောင့်ပင် ဖြစ်မည်ဟု မြတင့်က တစ်ထစ်ချတွေးထားမိသည်။

မြတင့်Where stories live. Discover now