"မြက သင်လွယ်တတ်လွယ်သားပဲ၊ မြသာ ကောလိပ်တက်မယ်ဆို ကောလိပ်မှာ မြထက် တော်တဲ့လူ ရှိမှာတောင်မဟုတ်ဘူး"
ကိုကြည်ဆောင်က ထိုသို့ရယ်ရယ်ပြုံးပြုံးကလေးဆိုလာပါသည့်အခါ မြတင့်က ခနဲ့သလိုလိုဖြင့် အနည်းငယ်သာ ပြုံးသည်။ ကိုကြည်ဆောင်သည် ထိုအပြုံးအား မြင်ဖြစ်အောင် မြင်လိုက်ရပါသည်။
ကိုကြည်ဆောင် ထိုအပြုံးကို မြင်လိုက်ရခြင်းမှာ မြတင့်က မြင်စေချင်သည့် ဆန္ဒရှိ၍သာ မြင်လိုက်ရခြင်းဖြစ်သည်။ မြတင့်က ဆန္ဒမရှိလျှင်ေတာ့ဖြင့် မြင်ခွင့်ရမည် မဟုတ်ပေ။
ထို့အတူပင် မြတင့်ဘက်မှ ကိုကြည်ဆောင့်အပေါ် ထားရှိသော အချစ်တွေကိုလည်း မြတင့်က ထုတ်မပြသရွေ့ ကိုကြည်ဆောင် သိခွင့်ရမည် မဟုတ်ပေ။
"Appleက Noun နာမ်ဖြစ်ပြီး Heတို့ Sheတို့က နာမ်စားတွေဖြစ်ကြောင်းကို မြက ခဏလေးနဲ့ နားမလည်နိုင်စရာ ဘာအကြောင်းရှိလဲ ကိုကြည်ဆောင်၊ ကိုကြည်ဆောင်ကပဲ မြကို အထင်သေးတာလား ကိုကြည်ဆောင်တို့ ကောလိပ်ကျောင်းက စာတွေကပဲ သိပ်ကို လွယ်ကူလွန်းနေတာလား မြတော့ မဝေဖန်တတ်တော့ဘူးကွယ်၊ အကယ်၍များ ကိုကြည်ဆောင်တို့ ကောလိပ်ကျောင်းမှာ ဒါတွေကိုပဲ သင်နေတာဆိုရင်တော့ ဘာလို့များ ပိုက်ဆံအများကြီးပေးပြီး ဗြိတိသျှတွေဖွင့်ပေးတဲ့ ကောလိပ်ဆိုတဲ့ အဲ့ဒီနေရာကြီးမှာ အချိန်ကုန်ခံပြီး ပညာသွားရှာနေရတာလဲလေ"
မြတင့်သည် စီးကရက်တစ်လိပ်ကို ပါးစပ်တွင်ခဲကာ မီးညှိလိုက်သည်။ ကိုကြည်ဆောင်သည် အရွဲ့တိုက်ချင်လွန်းသော မြတင့်အား ပြောစရာစကားတစ်ခု ရှာတွေ့သွားသည်။
"မြရယ်..၊ မြကရော ဘာများထူးသေးလို့လဲ၊ ကိုယ့်အတွက် ဆိုးကျိုးတွေကိုသာပေးတဲ့ တိုင်းတစ်ပါးက စီးကရက်ဆိုတဲ့အရာကြီးကို ဘာလို့များ ဈေးကြီးပေးဝယ်ပြီး သောက်နေရတာလဲကွယ်၊ မြ ကိုယ့်အတွက်ကိုယ် မပူပင်တော့ဘူးလား"
မြတင့်က ဆေးလိပ်ငွေ့များကို လေထဲသို့ မှုတ်ထုတ်လိုက်ပြီး သူ၏ ဆံပင်ရှည်များကို ကိုင်တွယ်နေသည်။ ထို့နောက် မြတင့် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...