မြတင့်သည် ကျောက်အရောင်းအဝယ်တစ်ခုရှိသဖြင့် မန္တလေးမြို့ထဲသို့ သွားရမည်ဖြစ်သည်။
မြတင့်နေထိုင်ရာ ရပ်ကွက်လမ်းကြားမှ ၁၅မိနစ်ခန့် ခြေကျင်လမ်းလျှောက်သွားလျှင် လမ်းထိပ်ရှိ မြင်းလှည်းဆိပ်သို့ ရောက်သည်။
မြတင့်သည် အနီရောင်မြန်မာဝတ်စုံကိုကျက်သရေရှိစွာ ဝတ်ဆင်ထားပြီး ပန်းနုရောင်ကတ္တီပါဖိနပ်ကို စီးထားသည်။ မန္တလေးနွေသည် ပူပြင်းလွန်း၍ အနီရင့်ရောင် ပုသိမ်ထီးကို ဆောင်းထားသည်။
မြတင့် လမ်းထိပ်သို့ရောက်ကာနီးတွင် လူတစ်ယောက်နှင့် ဝင်တိုက်မိပြီး စီးလာသော ကတ္တီပါဖိနပ်လေး ပျက်သွားတော့သည်။
မြတင့်သည် တစ်ဖက်လူကို သေချာကြည့်လိုက်သည်။ မြတင့်သည် ဒေါသမထွက်တတ်။ မြတင့် လူတစ်ယောက်ကို မမုန်းတတ်။ မုန်းခဲ့သည်ဆိုလျှင်တောင် ထိုသူ၏ လုပ်ရပ်ကို မုန်းတီးခြင်းသာ ဖြစ်၏။
ယခုအခါတွင်လည်း မြတင့်ဒေါသထွက်မနေပါချေ။
"ကျွန်တော် တောင်းပန်...ဟာ မြ... မြ မဟုတ်လား"
လွန်းမောင်သည် မြတင့်အား မြင်လိုက်ရသည့်အခါ အင်မတန်ဝမ်းသာသွားတော့သည်။
"မင်း လမ်းကိုသေချာကြည့်သင့်တယ် အခုတော့ တို့ဖိနပ်အသစ်ကလေး ပျက်သွားပြီ"
လွန်းမောင်သည် မြတင့်အား လွန်စွာအားနာမိသွားသည်။ သူသည် မြတင့်နှင့် ဆုံလိုက်သည့်အခါတိုင်း လွန်းမောင်သည် မြတင့်အပေါ်တွင် အားနာစရာကိစ္စများကိုသာ ပြုလုပ်နေမိသည်။
"မောင့်ဖိနပ်စီးသွားလေ"
"မင်းကိုယ်မင်း ဘယ်သူထင်လို့ မောင်လို့သုံးနေရတာလဲ"
မြတင့်က အနှီလွန်းမောင်အား လေသံမာဆတ်ဆတ်ကလေးနှင့် ပြန်မေးလိုက်သည်။ ထိုအခါဝယ် လွန်းမောင်က မြတင့်အား ပြုံး၍ ကြည့်လိုက်သည်။ လွန်းမောင်သည် လှပလွန်းသောအနှီယောက်ျား၏ အကြောင်းကို သိချင်လွန်းလှသည်။
"မောင့်နာမည်က လွန်းမောင်မို့ပါ မြရယ်"
မြတင့်သည် လွန်းမောင်ဆိုသည့် ဤယောကျ်ားငယ်မှာ မိမိ၏နာမည်ကို ကြိုသိနေခြင်းအား အံ့သြမနေမိတော့ပေ။ ဤရပ်ကွက်ထဲတွင် မြတင့်အား မသိသူရှိပါသေးလို့လား။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...