လွန်းမောင်သည် အခန်းထဲတွင် စာထိုင်ဖတ်နေသော်လည်း သူ့စိတ်တို့သည် မရိုးမယွဖြစ်လွန်းလှသည်။ လွန်းမောင်သည် ဤ၃ရက်လုံးလုံး သူ့အခန်းမှတစ်ဆင့် မြတင့်တို့ခြံဘက်သို့ ချောင်းကြည့်နေခဲ့သည်။ခြံရှေ့က "ပန်းမခူးရ"ဟူသည့် ဆိုင်းဘုတ်လေးဟာလည်း နဂိုအတိုင်း၊ ခြံထဲက နှင်းဆီနီနီတွေမှာလည်း ဝေဝေဆာဆာဖူးပွင့်နေဆဲ၊ မြတ်သိန်းဟူသည့် ခြံစောင့်ကောင်လေးဟာလည်း မနက်တစ်ခါ၊ ညနေတစ်ခါ ပန်းပင်များကို ရေလောင်းနေမြဲ၊ တစ်ခုပဲ လစ်ဟာနေခဲ့သည်။
ယင်းမှာ ပန်းကလေးများကို ပြုစုပေးနေမည့် မြတင့်၊ ရံဖန်ရံခါ ပန်းကလေးများကို နမ်းရှိုက်နေတတ်သည့် မြတင့်၊ လွန်းမောင်၏ လစ်ဟာနေသော စိတ် ကွက်လပ်ကို ဖြည့်ပေးမည့် မြတင့်သာ ဖြစ်နေချေ၏။
လိုနေသည့် မြင်ချင်နေသည့် တွေ့ချင်နေသည့်သူမှာ နီနီရဲရဲ မြတင့်သာ ဖြစ်ပါ၏။
လွန်းမောင်သည် မြတင့်ကို မြင်ချင်လှပြီဖြစ်၏။ လွန်းမောင် မြတင့်နှင့်တွေ့ဆုံဖို့အထိ မမျှော်လင့်ပါချေ။ အဝေးမှ မြင်ခွင့်ရရုံလေးနဲ့တင် ကျေနပ်ပါသည်။ သို့ပါသော်ငြား မြတင့်မှာ ခြံရှေ့ကိုပင် မထွက်ခဲ့ပါချေ။
ထို့အပြင် လွန်းမောင်သည် မြတင့်အား မည်သို့မျှ နားမလည်ပေးနိုင်ပါချေ။ မြတင့်သည် ရုတ်တရက်ကြီး သူ့ကို ပစ်ခါသွားခဲ့ခြင်းမှာ အဘယ်ကြောင့်နည်း။ လွန်းမောင်မှာ မြတင့်အား နားလည်ပေးလိုက်ပါရန် ဉာဏ်ရည်မမြင့်မားခဲ့ပါချေ။
"ကိုကို ထားမေ ဝင်လာမယ်နော်"
မထားမေက တံခါးအပြင်မှာ အော်ပြော၏။
"ဝင်ခဲ့လေ ထားမေ"
မထားမေသည် အခန်းထဲရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ဝင်ထိုင်လိုက်သည်။
"ကိုကို အခုရက်ပိုင်း တမှိုင်မှိုင်ဖြစ်နေတာ ထားမေ သတိထားမိတယ် ဘာများဖြစ်နေတာလဲ"
လွန်းမောင်က ဖတ်လက်စ စာအုပ်ကို ချလိုက်ပြီး ကုတင်ပေါ် တက်ထိုင်လိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်လေသည်။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...