ကိုကြည်ဆောင်သည် အိမ်ပေါ်သို့ ဖြည်းဖြည်းကလေး တက်သွားရှာသော မြတင့်အား ကြည့်ပြီး လေးလေးပင်ပင် ခံစားလိုက်ရသည်။
အမှန်ဆိုလျှင် မြတင့်သည် ပြုံးနေဖို့မကောင်း၊ ငိုချပစ်ဖို့ကောင်းသည်။ မြတင့် ပြုံးနေသည်ကပင် ကိုကြည်ဆောင်အား ပို၍ ခံရခက်စေသည်။
သို့နှင့် ကိုကြည်ဆောင်နှင့် ခင်မေလှိုင်တို့နှစ်ဦးသားသည် မြတင့်၏ အိမ်မှ ပြန်လာခဲ့လိုက်သည်။ ကိုကြည်ဆောင်တို့ခြံနှင့် မြတင့်တို့ခြံသည် ကပ်ရပ်ဖြစ်သောကြောင့် အနည်းငယ် လမ်းလျှောက်ရုံဖြင့် ခြံထဲသို့ ပြန်ရောက်သည်။
ခြံဝတွင် ကိုကြည်ဆောင်က ခင်မေလှိုင်ကို မကျေမနပ်ပြောသည်။
"ဘာလို့များ မဟုတ်မမှန်တာတွေ ဆိုရသလဲ ခင်မေ"
ခင်မေလှိုင်သည် ကိုကြည်ဆောင် ထိုသို့ပြောလာမည်ကို ကြိုတွေးထားပြီး ဖြစ်သည်။ နှုတ်ခမ်းကိုမဲ့ကာ ပြန်ပြောလိုက်သည်။
"သူ ခင်မေ့ကို ပြောဆိုဆက်ဆံတာ ရင့်သီးလွန်းတယ် ကိုဆောင်၊ ခင်မေ သူ့ကို ခံရခက်အောင် ပြန်လုပ်လိုက်တာ ခင်မေ လွန်လေသလား"
ကိုကြည်ဆောင် သက်ပြင်းချမိသည်။ အမှန်တကယ်ပင် မြတင့် ခင်မေလှိုင်အပေါ် ဆက်ဆံပုံသည် ရင့်သီးလွန်းလှသည်။ သို့ရာတွင် ဤသည်မှာ မြတင့်၏ ပင်ကိုယ်စရိုက်ပင် ဖြစ်နေချေသည်။ ကိုကြည်ဆောင်သည် မြတင့်၏ ထိုအကျင့်စရိုက်ကို မည်သို့မည်ပုံပြုပြင်ပေးလို့ ရပါမည်နည်း။ မြတင့်က မြတင့်ပဲ ဖြစ်နေသင့်သည်။
ခင်မေလှိုင်မှာမူ ယဉ်ကျေးသိမ်မွေ့လွန်းသည့် မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည့်အတွက် ထိုသို့ဆက်ဆံခံရမှုကို သည်းခံနိုင်မည် မဟုတ်ပေ။ ထို့အပြင် ခင်မေလှိုင်သည် မဟုတ်မခံစရိုက် ရှိလွန်းသည်။ ကိုကြည်ဆောင်သည် နှစ်ယောက်အကြား ဘေးကျပ်နံကျပ် ဖြစ်လွန်းလှသည်။
သူချစ်သည့် ခင်မေလှိုင်ကို မဆုံးရှုံးချင်သလို မြတင့်ကိုလည်း မနာကျင်စေချင်ပေ။
"မြက သနားစရာပါ၊ ခင်မေ အခုတစ်ခေါက်တော့ တကယ်လွန်တယ်ကွယ်"

YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...