မြင်နေရသောအရာတို့သည် ပကတိတည်ငြိမ်လျက်ရှိသည်။ အခန်းအတွင်း၌ ဘာအသံကိုမှ မကြားရ။ မြတင့်သည် တိတ်ဆိတ်မှုအလယ်တွင် ကြောက်ရွံ့လာသည်။
ဤတိတ်ဆိတ်နေမှုကြီးသည် မြတင့်အား ဝါးမြိုပစ်တော့မယောင်။ ကိုလှသောင်မှာ အရေးပိုင်မင်းဖြစ်နေသည့်အားလျော်စွာ သူ့အလုပ်ကိစ္စများနှင့် မအားမလပ်ရှိနေချေ၏။ သို့ကြောင့် မြတင့်အနားတွင် အချိန်ပြည့်ရှိမနေပေးနိုင်ပါချေ။
မြတင့်သည် စကားပြောဖော်တစ်ယောက် လိုအပ်နေခဲ့သည်။ အဓိကက တိတ်ဆိတ်မနေစေရန်သာ။ ကြောင်လေးတစ်ကောင်ဖြစ်ဖြစ်၊ ငှက်ကလေးတစ်ကောင်ဖြစ်ဖြစ် အဆင်ပြေပါ၏။ တိတ်ဆိတ်နေလျှင် ကြောက်ရွံ့လာသည်။ တစ်စုံတစ်ယောက်က သူ့အား စောင့်ကြည့်နေသလိုခံစားလာရကာ စိုးထိတ်လာမိသောကြောင့် ဖြစ်၏။
တိတ်ဆိတ်နေလျှင် အတွေးတို့က တောင်စဥ်ရေမရ လျှောက်တွေးနေမိသည်။
မောင် အဆင်မှပြေပါရဲ့လား။
မောင် နေထိုင်မှကောင်းပါရဲ့လား။
မောင် အစားရော မှန်မှန်စားပါရဲ့လား။
အို....စုံလို့...၊ စုံလို့။
ထို့နောက် မောင်မရှိတော့ဘူးဟူသည့် အတွေးကြီးသည် မြတင့်အား ခြောက်လှန့်နေသည်။
သို့ပါသော်ငြား အဆန်းက စောင့်ရှောက်ပေးမှာပါလေဟု တွေးမိလိုက်သည်နှင့် သိပ်တော့ စိတ်မပူမိတော့ပါချေ။
သို့သော် မနာလိုဝန်တိုမှုကလေးသည် ကပ်ပါလာတတ်သည်။
မြတင့်သည် သူ၏အဆုတ်ထဲ ပိုးမွှားထောင်ချီဝင်ရောက်ကာ တတိတိကိုက်ဖြတ်စားသောက်နေသကဲ့သို့ ခံစားနေရသည်။
နာကျင်မှုအဟူဟူသည် အတိုင်းအဆမဲ့၍ နေ၏။ ကူကယ်ရာမရှိ၊ ကူပါ ကယ်ပါဟူ၍ မတောင်းဆိုလိုတော့။ မည်သူတစ်ဦးတစ်ယောက်၏ အကူအညီကိုမှလည်း မလိုချင်တော့။
သို့ပါသော်ငြား မြတင့်သည် စီးကရက်သောက်နေမြဲ၊ ဝီစကီသောက်နေမြဲ၊ ရူးစမြဲ မိုက်စမြဲပင် ရှိသေး၏။ တဖြည်းဖြည်းနှင့် မြတင့်၏ ကျန်းမာရေးအခြေအနေသည် ဆိုးသထက် ဆိုးလာတော့သည်။
VOCÊ ESTÁ LENDO
မြတင့်
Ficção HistóricaUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...