ကြီးမေသောင်း၏ အသုဘအား အကျဥ်းချုံး၍ ပြုလုပ်ခဲ့သည်။ နဂိုကပင် ကြီးမေသောင်းသည် အိမ်ပြင်သိပ်မထွက်သူဖြစ်၍ ယခုနေထိုင်နေသော မန္တလေးတွင် အသိမိတ်ဆွေဟူ၍ မရှိသလောက်ပင်ဖြစ်၏။
ထို့ကြောင့်ပင် အသုဘတွင် အပြင်လူဟူ၍ မရှိပါချေ။ တစ်ဦးတော့ ရှိခဲ့သည်။ ယင်းမှာ လွန်းမောင်သာ ဖြစ်၏။
ယင်းသို့ မလာကြရခြင်းမှာလည်း ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေလေသော မြတင့်၏ အရုပ်ဆိုးအကျည်းတန်လှသော သတင်းများကြောင့်လည်း ဖြစ်နိုင်ပါသေး၏။
ဘုန်းကြီး သုံးပါး ပင့်ဖိတ်ကာ ကြီးမေသောင်းအတွက် အမျှအတမ်း ပေးဝေခဲ့သည်။
ကြီးမေသောင်းအတွက် ရေစက်ချအမျှဝေရင်း မြတင့် ရင်ထဲ၌ တိုးတိုးကလေးပြောနေမိသည်။
"ကောင်းရာမွန်ရာ ဘဝကို သွားပါတော့.. မြကိုတော့လေ ခွင့်မလွှတ်ပါနဲ့.."
အကယ်၍ ကြီးမေသောင်းသည် ဝိဉာဥ်ဘဝမှနေ၍ မြတင့်အား ခွင့်လွှတ်ပေးရန် ကြံရွယ်ပါလျှင်တောင်မှ မြတင့်သည် သူ့အား တောင်းပန်ခြင်းသောအမှုကို မပြုခဲ့ပါချေ။ တောင်းပန်ခြင်းမရှိပါဘဲနှင့် အဘယ်သို့ ခွင့်လွှတ်ပေးရပါမည်နည်း။
မြတင့်သည် ကြီးမေသောင်းအား တောင်းပန်ပါရန် စိတ်ပင်မကူးခဲ့ပါချေ။ တောင်းပန်ခြင်းဟူသည် ကိုယ်က အမှန်တကယ်မှားယွင်းနေခဲ့ပါမှ ဆိုရမည့်စကားတို့ဖြစ်သည်။ ယခုမူ မြတင့်သည် သူပြုလုပ်ခဲ့သော အပြုအမူ၊ အနေအထိုင်တို့သည် မှားယွင်းနေခဲ့ခြင်း မရှိဟူ၍ ဧကန်တွေးထင်မိ၏။
မြတင့်သည် ယောကျ်ားတစ်ယောက်ဖြစ်နေရပါလျက်နှင့် ကြီးမေသောင်းသည် ဘာကြောင့်များ သူ့အား ယောကျ်ားတစ်ဦးနှယ် နေထိုင်သွားလာခွင့်မပေးချင်ရပါသနည်း။ မြတင့် မတွေးတတ်တော့ပါချေ။
သို့ရာတွင်မူ မြတင့်သည် သူ၏ စိတ်ထဲတွင် တစ်ခုသောအရာကိုသာ သံမှိုရိုက်ကာ မှတ်သားထားမိပါ၏။
ကြီးမေသောင်းသည် သူ့ကြောင့် သေဆုံးသွားရသည်ဟူ၍...။
သူသည် ကြီးမေသောင်းအား သတ်ပစ်ခဲ့လိုက်သည်ဟူ၍...။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...