မြတင့် တွေးမိပါ၏။ ကိုကြည်ဆောင်ဟာ သူ့အား တကယ်ပဲ မမုန်းဘူးဆိုတာ သေချာပါရဲ့လား။ ဘယ်လိုပဲတွေးတွေး မြတင့် နာကျင်ရတာကတော့ နာကျင်ရစမြဲပါလေ။
ကိုကြည်ဆောင်သည် သူပြောခဲ့သည့်စကားအတိုင်းပင် နောက် နှစ်လအကြာတွင် ခင်မေလှိုင်နှင့်လက်ထက်ခဲ့သည်။ ဤနှစ်လအတွင်း ကိုကြည်ဆောင်သည် မြတင့်ထံသို့ လုံးဝရောက်မလာခဲ့ပါချေ။
ထိုအခါများ၌ မြတင့်သည် ရင်ထဲ၌ စူးစူးနင့်နင့်ကြီး ခံစားရ၏။ ဤခံစားချက်ကြီးသည် ဆိုးသွမ်းလွန်းလှ၍ မြတင့်တော့ မုန်းသည်။ မခံစားဘဲနှင့်လည်း နေလို့မရ။ အတွေးတို့က ခေါင်းထဲ ရောက်ရောက်လာကာ မြတင့်အား နှိပ်စက်သည်။
မြတင့်ဆီသို့ ကိုကြည်ဆောင်တို့ မင်္ဂလာဆောင်ဖိတ်စာရောက်လာပါသော်လည်း မြတင့် ထိုသို့သွားရန် စိတ်ကူးလုံးဝမရှိပါချေ။ မြတင့်က အဘယ်သောအင်အားမျိုးနှင့် သွားရပါမည်နည်း။
မင်္ဂလာဆောင်သည့်နေ့တွင် မြတင့်သည် သူ့အခန်းအတွင်းမှနေ၍ တစ်ဖက်ခြံဝန်းထဲသို့ လှမ်းကြည့်နေခဲ့သည်။ တစ်ဖက်ခြံထဲတွင် လူလူသူသူတွေနှင့် ရှုပ်ယှက်ခတ်နေသည်။
မြတင့် အလှဆုံးပြင်ထားသည်။ အကောင်းဆုံးပိုးထည်စကိုမှ ရွေး၍ ချုပ်ဝတ်သည်။ ကောင်းလှပါသည်ဆိုသည့် မျက်နှာချေမှုန့်ကိုမှ လိမ်းထားသည်။ နှုတ်ခမ်းနီကို ရဲနေအောင်ဆိုးထားပစ်လိုက်သည်။ မတော်တဆများ ကိုကြည်ဆောင် တစ်ယောက် သည်ဘက်ခြံဝန်းထဲသို့ စောင်းငဲ့ကြည့်မိသည့်အခါ မြတင့်က အလှဆုံးဖြစ်နေချင်သည်။
မြတင့်က သူ့ဘေးနားက သတို့သမီးထက် ပိုလှသည်ဆိုတာမျိုး ကိုကြည်ဆောင့်အတွေးထဲ ဝင်သွားစေချင်လွန်းလှသည်။ သို့ရာတွင် ကိုကြည်ဆောင်သည် သူ့ဇနီးလောင်းအပေါ် သစ္စာရှိလွန်းစွာဖြင့် တစ်ဖက်ခြံဝန်းထဲသို့ တစ်ချက်ပင် စောင်းငဲ့မကြည့်ခဲ့ပါချေ။
မြတင့်၏ စိတ်ထဲတွင် မခံချင်စိတ်လိုလို၊ အားမလိုအားမရဖြစ်သည့်စိတ်လိုလို တစ်ခုခုကို မချိတင်ကဲ ခံစားလိုက်ရသည်။ ကိုကြည်ဆောင်က တစ်ချက်ကလေးလောက်တော့ စောင်းငဲ့ကြည့်ဖို့ကောင်းသည်။

YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...