အချစ်သည် အရှုံးသာဖြစ်၏။ ချစ်မိလိုက်သည်နှင့် လူတို့သည် အချစ်ထံတွင် ကျရှုံးကြရ၏။ အချစ်သည် လူတို့အား စေလိုရာစေ လုပ်တတ်ကြသည်။
အချို့သော ချစ်ခြင်းမေတ္တာတို့သည် အေးမြကာ ကြည်နူးဖွယ်ကောင်းသလောက် အချို့သော ချစ်ခြင်းမေတ္တာတို့သည် နာကျင်ဖွယ် ကောင်းလွန်းလှသည်။
တကယ်တော့ အချစ်ဟူသည် ကြောက်စရာပင်ဖြစ်ချေ၏။ အချစ်နှင့် ထိတွေ့မိသူတို့သည် အမှားအမှန်ဟူသည်ထက် ချစ်ရသူ မနာကျင်စေဖို့ တတ်အားသရွေ့ ကြံစည်ကြပြန်ပါ၏။ ချစ်ရသူမှာ ကိုယ့်ကြောင့် မပျော်ရွှင်ရဘူးဆိုလျှင်တောင် ကိုယ့်ကြောင့် အနာတရမဖြစ်စေချင်၊ မနာကျင်စေလိုကြပါချေ။
ကိုယ်သာလျှင် အနစ်နာခံလိုက်မည်။ ကိုယ်သာလျှင် နာကျင်ပစ်လိုက်မည်။ ကိုယ်သာလျှင် ပြိုလဲကြေကွဲပစ်လိုက်မည်။
ဤသည်မှာ မြတင့် ထိတွေ့မိလေသည့် အချစ်သာဖြစ်၏။
မြတင့်၏ဘဝတွင် သိပ်ချစ်ရသော ယောကျ်ားနှစ်ဦးရှိ၏။ လွန်းမောင်နှင့် မြတ်သိန်း။
မြတင့်သည် လွန်းမောင်အား သိပ်ချစ်သည်။ မြတင့် လွန်းမောင်အား ချစ်သောအချစ်တို့သည် အရောင်ပါ၏။ ပိုင်ဆိုင်လို၏။ မခွဲမခွာ အတူရှိချင်၏။ လွန်းမောင်အား အနည်းငယ်မျှပင် မထိခိုက်စေလိုပါချေ။
မြတ်သိန်းအပေါ် ချစ်သောအချစ်တို့သည် အဖြူထည်သက်သက်သာ။ မြတ်သိန်းအား မိသားစုဝင်တစ်ယောက်နှယ်၊ သူငယ်ချင်းတစ်ယောက်နှယ်၊ ညီတစ်ယောက်နှယ် ချစ်လွန်းလှ၏။
မြတင့်သည် ဤယောကျ်ားနှစ်ယောက်အား ထပ်တူထပ်မျှပင် ချစ်၏။ ချစ်ပုံချစ်နည်းချင်း မတူသော်လည်း အကြင်လူသားနှစ်ယောက်အပေါ်ဝယ် ထားရှိသည့် မထိခိုက်၊ မနာကျင်စေလိုသည့် ဆန္ဒမှာတော့ အတူတူပင်ဖြစ်၏။
မြတင့်သည် စံပယ်ပန်းဖြူဖြူကလေးများကို နမ်းရှိုက်လိုက်ပါ၏။ သင်းပျံ့ပျံ့ စံပယ်ရနံ့လေးသည် နှာခေါင်းတစ်ဝိုက် ကလူကျီစယ်ပြုနေကြ၏။
"မြတ်သိန်းပြောသလိုပဲ စံပယ်တွေက တကယ်မွှေးတာပဲ"
မြတင့်က ထိုသို့ပြောလာသည့်အခါ ကိုလှသောင်က ပြန်ပြောလိုက်သည်။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...