အဆန်းသည် ညနေစောင်းတွင် လွန်းမောင်တို့ အိမ်ရှိရာသို့ ခြေဦးလှည့်လာခဲ့သည်။ အကြောင်းမှာ ထားမေအား တွေ့ဆုံရန်ဖြစ်သည်။
အဆန်း လွန်းမောင်တို့အိမ်ထဲသို့ ရောက်သွားသည်နှင့် ဦးညွန့်နှင့် ဒေါ်စိန်တို့က လှိုက်လှဲစွာ ကြိုဆိုကြသည်။ အဆန်းသည် လွန်းမောင်ကို ချစ်သော်ငြား လွန်းမောင်မိဘများ၏ စိတ်နေသဘောထားကိုတော့ဖြင့် မနှစ်သက်ပါချေ။
"သား အိမ်မှာ မရှိဘူးကွဲ့ စျေးချိုဘက် ခဏထွက်သွားတယ်"
"အဆန်းက မောင့်ဆီလာတာ မဟုတ်ပါဘူး ဒေါ်ဒေါ် ထားမေဆီ လာခဲ့တာပါ"
ဒေါ်စိန်သည် ခေါင်းတညိတ်ညိတ်ဖြင့် မီးဖိုခန်းထဲသို့ ဝင်သွားလေသည်။ အဆန်းသည် ဧည့်ခန်းထဲတွင် ထိုင်ကာ ဆေးပေါ့လိပ်သောက်နေသော ဦးညွန့်ကို ခေါင်းငုံ့ကာ အရိုအသေပြုလိုက်လေသည်။
"မထားမေ သူ့အခန်းထဲမယ် ရှိတယ် သမီး"
ဦးညွန့်သည် အပေါ်ထပ်ကို မေးငေါ့ပြလိုက်ပြီး ဆေးပေါ့လိပ်ကြီးကို ပြန်သောက်နေပြန်ပါ၏။
"ဟုတ်ကဲ့ အဆန်း တက်သွားလိုက်ပါ့မယ်"
အဆန်းသည် ထားမေရှိရာ အခန်းဆီသို့ သွားလိုက်ပါ၏။ တံခါးနှစ်ချက်ခေါက်လိုက်ပြီး အသံပြုလိုက်သည်။
"ထားမေ အဆန်းပါ၊ ဝင်ခဲ့မယ်နော်"
"ဝင်လာခဲ့လေ အဆန်း"
အဆန်းသည် အခန်းတံခါးကို တွန်းဖွင့်၍ ဝင်သွားလေ၏။
ထားမေသည် စာတစ်စောင်ကို ဖွင့်ဖတ်လျက်ရှိသည်။
"ဘယ်နှယ့်လဲ ထားမေ၊ ရှင့်ရဲ့ ရှမ်းသားကြီးဆီက စာလား"
ထားမေသည် ထိုစာကလေးကို သေချာခေါက်ပြီးနောက် အံဆွဲကလေးထဲသို့ ထည့်ထားလိုက်သည်။
"ဟုတ်တယ် အဆန်း၊ ကနေ့မနက်ကပဲ စာရောက်တယ် သူ နက်ဖြန် သဘတ်လောက်တော့ ထားမေကို လာတွေ့မယ် ပြောတယ်၊ ပြောမယ့်သာ ပြောရတာပါလေ သိပ်သေချာတာတော့ မဟုတ်ဘူးရယ်"
အဆန်းသည် ထားမေကို ကြည့်ရုံသာ ကြည့်နေခဲ့သည်။ ထားမေတစ်ယောက် ကိုလှသောင်ထံ မသွားချင်ခဲ့ခြင်းမှာ စိုင်းစောအယ်ဟူသော ရှမ်းသားလေးကြောင့်ဖြစ်သည်။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...