(၈)

35.9K 4.9K 838
                                    

မြတင့်သည်  လွန်းမောင်ရွေးပေးထားသည့် ပန်းနုရောင်ရင်ဖုံးအင်္ကျီနှင့်ထမိန်ကို ဝတ်ဆင်လိုက်သည်။ ထို့နောက် မျက်နှာချေမှုန့်ပါးပါးလိမ်းသည်။ နှုတ်ခမ်းကိုတော့ ရဲနေအောင်ဆေးတင်မှဖြစ်မည်။ အကြောင်းမူကား မြတင့်၏ နှုတ်ခမ်းတို့သည် ဆေးလိပ်သောက်လွန်း၍ ပြာနှမ်းနေချေပြီဖြစ်လေ၏။

ပုလဲဆွဲကြိုးကို လည်ပင်းနှင့် အံကိုက်ဝတ်ဆင်လိုက်သည်။ ဆံပင်ရှည်များကိုမူ တစ်ပတ်ရစ်ဆံထုံး ထုံးလိုက်သည်။ ထို့နောက် ပါးလျသော ကတ္တီပါဖိနပ် ပန်းရောင်ကို စီးလိုက်သည်။ အားလုံးပြင်ဆင်ပြီးသည့်အခါ မြတင့် လွန်းမောင်တို့ဆွမ်းကပ်ကို သွားရန်ပြင်သည်။

ဤသည်မှာ မြတင့် မန္တလေးသို့ရောက်သည့်အချိန်မှစ၍ ယနေ့တိုင် ပထမဆုံးအကြိမ်အဖြစ် သူစိမ်းအိမ်ကို ဝင်ထွက်သွားလာခြင်းဖြစ်သည်။

မြတင့် လွန်းမောင်တို့ခြံထဲရောက်သည့်အခါ လွန်းမောင်က မြတင့်ကို အပြေးလာကြိုသည်။ လွန်းမောင်က ဦးဆောင်၍ မြတင့်ကို အိမ်ထဲခေါ်သွားသည်။ မြတင့် အိမ်ထဲဝင်လာသည်နှင့် တစ်အိမ်လုံးရှိဧည့်သည်များက မြတင့်အား ရွံရှာအထင်သေးသော အကြည့်များဖြင့် ကြည့်လာကြ၏။

မြတင့်စိတ်ထဲတွင် ကြောက်စိတ်၊ ရှက်စိတ် ဝင်လာမိသော်လည်း လွန်းမောင်၏ "မောင်ရှိနေပါတယ်"ဟူသော စကားကြောင့် ထိုအကြည့်များကို သိမ်မွေ့စွာ လျစ်လျူရှုထားလိုက်တော့သည်။

လွန်းမောင်သည် မြတင့်အတွက်တော့ ရဲရင့်ပစ်လိုက်ရန် အင်အားပင်ဖြစ်ချေတော့၏။

"မြ ဒီမှာလာထိုင်လေ"

လွန်းမောင်က လူရှင်းသောစားပွဲဝိုင်းလေးထံသို့ မြတင့်ကို ဆွဲခေါ်သွားလေသည်။

"ထားမေ၊ ဒီမယ် မြကို မုန့်ဟင်းခါးဟင်းရည် လာထည့်ပေးစမ်းပါကွာ"

မထားမေသည် ဟင်းရည်ချိုင့်ကို သယ်လာပြီးနောက် မြတင့်၏ ပန်းကန်ထဲသို့ ဟင်းရည်ထည့်ပေးလေသည်။ ထို့နောက်တွင်တော့ အခြားစားပွဲဝိုင်းများထံ ထွက်သွားတော့သည်။

"မြ များများထည့်စားနော်"

မြတင့်က လွန်းမောင်အား ပြုံးသာပြုံးပြလိုက်သည်။ လွန်းမောင် မြတင့်အား ဧည့်ဝတ်ပြုနေစဉ်တွင် ဒေါ်စိန်က အနားရောက်လာပြီး လွန်းမောင်အား ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွားတော့သည်။

မြတင့်Where stories live. Discover now