ထားမေသည် ဝါညစ်ညစ်စာအိတ်ကို ဖွင့်ဖတ်ရင်း စာရွက်ကို ကိုင်ထားသော လက်တို့ တုန်ရီလာသည်။ ရင်ဘတ်အစုံသည်လည်း နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။
ပါးစပ်မှလည်း "စောအယ်" "စောအယ်" ဟူ၍သာ ထပ်ကာ တလဲလဲ ခေါ်နေမိသည်။
"စောအယ်...စောအယ်.က သေသွားပြီတဲ့လား"
ထားမေ၏ စိတ်တို့သည် တုန်လှုပ်ချောက်ချားလာတော့သည်။ ထားမေ၏ အသည်းနှလုံးတို့သည် ကြေမွပျက်စီးသွားရသည်။
"စောအယ်...ရှင်ပြောတော့ ထားမေကို စောင့်နေပါဆို.."
ထားမေ၏ အသံတို့သည် တိမ်ဝင်သွားတော့သည်။ ထားမေ ငိုနေမိသည်လား မသိတော့။ ရင်ထဲ တင်းကျပ်ကာ ပြည့်နှက်နေသည်ကိုသာ သိတော့သည်။
"ထားမေ စောင့်နေခဲ့တယ်လေ...ထားမေ စောအယ်ကို နေ့တိုင်း..နေ့တိုင်း စောင့်နေခဲ့တာ"
ထားမေသည် သူ၏ရင်ဘတ်အား လက်ဖြင့် ထုနေမိသည်။
"ထားမေက စောအယ် ပြန်လာမယ်ထင်နေခဲ့တာ..၊ ထားမေ စောအယ်ကို ယုံခဲ့မိတာပဲ၊ အခုတော့ ထားမေ ဘာလုပ်ရမလဲ..ထားမေ ဘာများလုပ်ရမလဲ"
ထားမေသည် သူ၏ အခန်းထဲတွင် တစ်ယောက်တည်း ငိုနေမိသည်။ သူနှင့် စိုင်းစောအယ်တို့အကြောင်းကိုလည်း အိမ်သားအားလုံး မသိကြ။ သိခဲ့ကြပါလျှင် ဦးညွန့်လိုလူစားမျိုးသည် ငွေကြေးမချမ်းသာသော စိုင်းစောအယ်လို လူမျိုးနှင့် ထားမေအား သဘောတူပါမည်တဲ့လား။
ထားမေထံတွင် ရင်ဖွင့်ရမည့်သူ မရှိတော့။ အဆန်းသည်လည်း ရန်ကုန်တွင် ကောလိပ်တက်နေခဲ့ပြီ။ လွန်းမောင်ဆိုလျှင် ထားမေအား ရိုက်နှက်ပစ်လောက်သည်။
နောက်ဆုံး...တစ်ယောက်သာ ရှိတော့သည်။
ထိုသူမှာ မြတင့်သာဖြစ်သည်။
ထားမေထံတွင် ရင်ဖွင့်ရမည့်သူဟူ၍ မြတင့်တစ်ယောက်သာ ရှိတော့သည်။
ထားမေသည် မြတင့်အား တောင်းပန်ရန် စိတ်ပင်မကူးပါဘဲနှင့် သူ၏ ရင်တွင်းဒဏ်ရာတို့ကို ကုစားပါရန် ကြံရွယ်ပြန်ပါ၏။
သို့ဖြစ်၍ ထားမေသည် မြတင့်ရှိရာ ခြံလေးဆီသို့ ရောက်လာခဲ့ပါ၏။ ခြံထဲရှိ နှင်းဆီနီနီတို့၏ အလှအပများကိုလည်း ထားမေ မခံစားနိုင်တော့။ နီနီရဲရဲ နှင်းဆီတို့ကပင် ထားမေအား ပူလောင်စေသယောင်။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...