မြတင့်သည် မထားမေအား အတန်ငယ် စိတ်ကွက်မိသည်။ ထိုနေ့မှစ၍ မထားမေသည် မြတင့်ထံသို့ ရောက်မလာခဲ့ပါချေ။ ကျေးဇူးတင်စကား မဆိုထားနှင့်။ မျက်နှာကလေးပင် တစ်ချက်လာမပြခဲ့ပါချေ။ ဤအတောအတွင်းဝယ် မထားမေတစ်ယောက် အဘယ်သောစခန်းချနေသည်ကို မြတင့်မှာ အပြင်မထွက်ဖြစ်၍ မသိရှိနိုင်ပါချေ။ မြတ်သိန်းသည်လည်း တစ်ဖက်ခြံ၏ အကြောင်းကိစ္စများအား ယောင်လို့ပင် စကားမစခဲ့ပါချေ။
မြတင့်သည် အခန်းတွင်း၌သာ အချိန်ကုန်နေခဲ့ပြီး ယခင်ကထက် ပို၍ စီးကရက်များကို ပိုသောက်လာခဲ့သည်။ ယခင်ကထက် ပို၍ ဝီစကီများကို ပိုသောက်ဖြစ်လာခဲ့သည်။
ရံဖန်ရံခါတွင် မြစိမ်းရောင် သိုးမွေးဆွယ်တာလေးကို ထိုးနေတတ်သည်။
များသောအားဖြင့် ခြံဝတွင် ရစ်သီရစ်သီလာလုပ်နေတတ်သော လွန်းမောင်အား အခန်းပြတင်း၏ လိုက်ကာနောက်ကွယ်မှတစ်ဆင့် ချောင်းကြည့်တတ်သည်။ မြတ်သိန်းက လွန်းမောင်အား အလိုမကျစွာဖြင့် မောင်းထုတ်နေပုံကိုလည်း အထင်းသား မြင်တွေ့ရပါသေးသည်။
ထိုအခါများတွင်တော့ မြတင့်၏ စိတ်ထဲတွင် ကျေနပ်သလိုလို၊ ဝမ်းနည်းသလိုလို ခံစားရ၏။
မြတင့်သည် လွန်းမောင်အား ချစ်လွန်းလှသည်။ သို့ဖြစ်၍ လွန်းမောင်နှင့် မပေါင်းစည်းချင်တော့ပါချေ။ လွန်းမောင်နှင့် မတွေ့ဆုံလိုပါချေ။ လွန်းမောင်အား မေ့ထားပစ်လိုက်ချင်သည်။ ယခုအချိန်တွင် မြတင့်သည် အချစ်မခံလိုပါတော့ချေ။ အချစ်၏ ဝဲကယက်အလယ်တွင် မပျော်မွေ့လိုပါတော့ချေ။ ချစ်ရသူအား မနာကျင်လိုစေချင်သော ဆန္ဒမျှင်မျှင်ကလေးတစ်ခုသာ ရှိပါတော့သည်။
မြတင့်ကား ဆူးများခြံရံနေသော နှင်းဆီနီနီတစ်ပွင့်သာဆိုလျှင် လွန်းမောင်သည် ဆူးကို ကြောက်ရကောင်းမှန်းမသိရှာသေးသော ကလေးငယ်တစ်ယောက်သာဖြစ်သည်။ လွန်းမောင်သည် နှင်းဆီ၏ ရနံ့ကိုသာ နမ်းရှိုက်လိုခဲ့သည်။ ဆူးများ၏ အဆိပ်ကိုမူ သတိမရှပ်မိခဲ့ပါချေ။
ထုံးစံအတိုင်းပင် မြတင့်သည် စီးကရက်တစ်လိပ်ကို စူးရှစွာ ရှိုက်ဖွာရင်းဖြင့် တစ်ဖက်ခြံဖက်သို့ အခန်းပြတင်း၏ လိုက်ကာနောက်ကွယ်မှတစ်ဆင့် ငေးကြည့်လိုက်ပါ၏။ ထိုခြံဝန်းထဲတွင် ထားမေအား မြတင့်ပေးလိုက်သော နှင်းဆီပင်နှစ်ပင်မှ နှင်းဆီနီနီကလေးများပင် ဖူးပွင့်နေချေပြီဖြစ်၏။ နှင်းဆီတို့သည် သစ္စာမပျက်စွာဖြင့် ဖူးပွင့်နေကြသည်။ မြတင့်သည် ထိုသို့သော နှင်းဆီတစ်ပွင့်သာ ဖြစ်၏။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...