လွန်းမောင်နှင့် မြတင့်သည် ခြံဝင်းကြီးထဲတွင် ထိုင်နေကြသည်။
မန္တလေးဆောင်းသည် ညဦးပိုင်းပင် ဖြစ်လင့်စကား ချမ်းစိမ့်လွန်းလှသည်။
မှုန်ပြပြ မြူများကလည်း တဖွဲဖွဲကျဆင်းနေကြသည်။
လွန်းမောင်သည် မီးဖိုတစ်ဖို ဖိုလိုက်ပြီးနောက် ထိုမီးဖိုအနီးတွင် နှစ်ယောက်သား အတူတူထိုင်မိကြသည်။
ရွှေဝါရောင် မီးတောက်များကြောင့် မြတင့်၏ ဝါနုနုမျက်နှာသည်လည်း ရွှေဝါရောင်သမ်းလျက်ရှိသည်။ နီဆွေးဆွေးနှုတ်ခမ်းတို့က မီးရောင်ကြောင့် အရောင်ပိုတောက်နေခဲ့သည်။
ထိုနှုတ်ခမ်းနီတို့၏ နောက်ကွယ်မှ နဂိုနှုတ်ခမ်းအရောင်သည် မည်သို့ဖြစ်နေမည်ကို လွန်းမောင် တွေးနေမိသည်။ နီဆွေးနေမည်လား။ သို့တည်းမဟုတ် စီးကရက်တွေ သောက်ဖန်များလာ၍ ပြာ၍များ နေလေပြီလား။
မြတင့်မှာမူ မီးဖိုဘေးတွင် လက်များကို ဖြန့်ထားရင်း အနွေးဓာတ်ကို ရှာဖွေနေလေသည်။ မြတင့် အတော်ချမ်းနေသည့်ပုံပင်။
အိမ်ထဲ ပြန်ဝင်ရအောင်ဟုဆိုလည်း လက်မခံသည့် ခပ်ဆိုးဆိုး မြတင့်ပါလေ။
ထို့နောက် မြတင့်သည် မြူမှုန်များ ရစ်သိုင်းနေသောကြောင့် မှုန်ပြပြ ထွန်းလင်းနေသည် လမင်းကြီးကို ငေးကြည့်နေလေသည်။
လွန်းမောင်သည်လည်း မြတင့်ကြည့်နေရာ မှုန်ပြပြကောင်းကင်ကြီးအား လိုက်ငေးမိလေသည်။
နှစ်ယောက်လုံး ဘာစကားမှ မပြောမိ။ ထို့ထက် ဘာပြောရမှန်း မသိဟုဆိုလျှင် ပို၍ မှန်ပါလိမ့်မည်။
မြောက်ပြန်လေ၏ လေတစ်ဝေ့တွင် မြတင့်၏ ပန်းခြံမှ ပန်းတို့၏ ရနံ့သင်းသင်းသည် မြတင့်၏ နှာခေါင်းဝ၌ လာရောက် ကလူကြ၏။
မြတင့်၏ ပန်းခြံထဲတွင် သေချာပေါက်နှင်းဆီတို့သာ ရှိသည်မှန်၏။ ယခု ရှူရှိုက်လိုက်ရသော ပန်းရနံ့မှာ နှင်းဆီရနံအပြင် အခြားသော ပန်းရနံ့တစ်ခုခုဖြင့် ရောယှက်နေသယောင်။
ထိုပန်းက ဘာပန်းလဲဟူသည်ကို မြတင့် မတွေးတတ်ပါချေ။ သင်းပျံ့ပျံ့နှင့် တမူထူးနေလေသည်။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...