"မထားမေ ညည်းအကို နောက်တစ်ပတ် စနေကျရင် ဘိလပ်ကပြန်လာမယ်တဲ့ အခုပဲ တယ်လီဖုန်းရတယ်"
ဒေါ်စိန်သည် ဧည့်ခန်းထဲတွင် သိုးမွေးထိုးနေသော သမီးဖြစ်သူ မထားမေကို လှမ်းပြောလိုက်သည်။
"အမေ့သားကတော့ ဘိုရုပ်ပေါက်နေလောက်ပြီ"
ဒေါ်စိန်က ဝင့်ဝင့်ကြွားကြွားပြုံးလိုက်သည်။ ဒေါ်စိန်သည် သားဖြစ်သူအတွက် အလွန်ဂုဏ်ယူလျက်ရှိသည်။
"သွား ညည်းအစ်ကိုအခန်းကို သွားရှင်းထားလိုက်"
မထားမေသည် ကလေးဆန်စွာ မဲ့ရွဲ့လိုက်သည်။ အမေသည် သူ့သားနှင့် ပတ်သက်လာလျှင် အကဲပိုလွန်းသည်။
"ကိုကိုက မနက်ဖြန် သန်ဘတ်ခါပြန်ရောက်လာမှာလဲ မဟုတ်ဘဲ ပိုလွန်းတယ်"
မထားမေသည် သိုးမွေးထိုးလက်စကို စားပွဲပေါ်တင်ခဲ့ပြီး သူ့အစ်ကိုအခန်းကို သွားရှင်းပေးရန် ထလိုက်ပါ၏။
"ညည်းလည်း အဲ့ဒီလို ဖြစ်ချင်ရင် ညည်းအစ်ကိုလို ကြိုးစားပါလား"
"ထားမေတော့ ကိုကို့ကို သိပ်အားကျတာပဲ"
မထားမေသည် ဒေါ်စိန်အား မျက်စောင်းထိုးပြီး ထွက်သွားတော့သည်။
မထားမေသည် ကလေးဆန်သည်။ ထို့အပြင် အပျိုလဲ သိပ်လုပ်ချင်သည်။ ဖော်ရွေသည်။ သဘောမနောကောင်းသည်။
နောက်တစ်ပတ် စနေနေ့၌ မြတင့်သည် မျက်နှာချင်းဆိုင်ခြံတွင် လူများ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို သတိထားမိသည်။ သို့နှင့် မြတင့် ခြံရှေ့မထွက်ဖြစ်တော့ဘဲ အိမ်ထဲတွင်သာ စိန်ထည်ပစ္စည်းများကို ကြည့်ရှု့စစ်ဆေးနေသည်။
မြတင့်မှာ ဖြစ်နိုင်လျှင် လူတွေနဲ့ အရောတဝင်မနေထိုင်လိုပါချေ။ ကျောက်အရောင်းအဝယ် လုပ်သည့်အချိန်မှလွဲ၍ အခြားအချိန်များတွင် တတ်နိုင်သလောက် လူတွေနှင့်ခပ်ခွာခွာနေသည်။
မြတင့် လူတွေကို ကြောက်မိသည်။ အို...လူတွေဟာ ကြောက်စရာပါ။ လူတွေဟာ သူ့ကိုဆို မကောင်းပဲ မြင်နေကြသည်ဟု မြတင့် ထင်နေမိသည်။
နံနက် ၁၀ နာရီခန့်အချိန်တွင် တစ်ဖက်ခြံရှေ့တွင် အော်စတင်ကားတစ်စီး ထိုးရပ်သွားသည်ကို မြတင့် အိမ်ထဲမှ လှမ်းမြင်လိုက်ရသည်။

ESTÁS LEYENDO
မြတင့်
Ficción históricaUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...