မြတင့်သည် သူ့အခန်းထဲရှိ မှန်တင်ခုံရှေ့တွင် ထိုင်နေခဲ့သည်။ မြတင့်သည် အနီရောင်အတောက်ဆုံး ရင်ဖုံးအင်္ကျီနှင့်ထမိန်ကို ဝတ်ဆင်ထားသည်။ မျက်နှာချေမှုန့်များကို ခါတိုင်းထက် ပိုသာစွာလိမ်းခြယ်ထားသည်။ နှုတ်ခမ်းနီကိုလည်း အနီရောင်ရင့်နေအောင် ဆိုးပစ်လိုက်သည်။ ထို့နောက် တစ်ပတ်ရစ်ဆံထုံးထုံးလိုက်ပြီး အဆင်သင့်ခူးထားသော နှင်းဆီနီနီတစ်ပွင့်ကို ပန်ဆင်လိုက်သည်။
မြတင့်၏ တစ်ကိုယ်လုံးတွင် အနီရောင်သာလွှမ်းနေခဲ့သည်။ မြတင့်သည် ထိုအနီရောင်များကြားတွင် ရဲရင့်ချင်ယောင်ဆောင်ပစ်လိုက်သည်။ ဤအနီရောင်များသာ သူ့ခန္ဓာကိုယ်ပေါ်ရှိနေလျှင် သူဟာ သိပ်ကိုရဲရင့်နေပြီဟု မြတင့်သည် သူ့ကိုယ်သူ ထင်မှတ်နေမိသည်။
မြမှာ အနီရောင်တွေရှိတာမို့ မြဟာ တော်ရုံဆို မကြောက်တတ်ပါဘူး။ အင်း...မောင်နဲ့ ဝေးရမှာတော့ ကြောက်သားလား။
မြတင့်သည် တိုးတိုးကလေး ရေရွတ်ရှာပါ၏။ မြတင့်၏ ဦးနှောက်နှင့် အာရုံထဲတွင် မောင် မောင် မောင် ဟူ၍ပဲ့တင်သံထပ်နေပါ၏။
ထို့နောက်တွင် မြတင့်၏အာရုံအထွေထွေတို့သည် ရောက်တတ်ရာရာ လွင့်သွားပြန်ပါ၏။ တစ်ခုခုကို စိုးထိတ်နေမိသကဲ့သို့ ကြောက်ရွံ့ကာ တုန်လှုပ်နေမိပြန်သည်။ ထိုအခါ၌ မြတင့်သည် သူ့ကိုယ်သူ အားမလိုအားမရဖြစ်မိပြန်ပါ၏။
ဒါဟာ ကြောက်စရာလား။ မောင်နဲ့နီးရတော့မှာကို ကြောက်စရာပါတဲ့လား။ မြဆိုတာဟာလည်း အရူးပဲ။ အရူး..အရူး..အရူး။ မောင့်ကို ရူးနေတဲ့အရူး။ အချစ်ကို ရူးနေတဲ့ အချစ်ရူး။ မြဘဝဟာလည်း ရူးနေမှ အေးမှာ။ ဒါမှ ပူရမှာကိုလည်း မသိ၊ ချစ်ရမှာကိုလည်း မသိ၊ ခေါင်းထဲမှာ အရူးစိတ်တွေပဲ ရှိနေတော့မှာ။
"ရယ်ရသားပဲ"
မြတင့်သည် မှန်ကြည့်ကာ ခပ်ကြောင်ကြောင် အရူးနှယ် ခြောက်ကပ်ကပ်ရယ်လိုက်၏။
ထိုအချိန်တွင် မြတ်သိန်းသည် တံခါးခေါက်ပြီး အခန်းထဲဝင်လာသည်။ မြတ်သိန်းသည် မြတင့်ထိုင်နေရာ မှန်တင်ခုံနားသွားရပ်လိုက်သည်။
KAMU SEDANG MEMBACA
မြတင့်
Fiksi SejarahUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...