မြတင့်သည် လွန်းမောင်တစ်ယောက် အိမ်ရှေ့မှ ထွက်သွားသည်နှင့် သူ၏အခန်းအတွင်းမှ ထွက်လာပြီး ခြံရှေ့ရှိ ပန်းခြံထဲတွင် ပန်းပင်များကို ရေလောင်းနေသော မြတ်သိန်းထံ သွားလိုက်သည်။
မြတင့်၏ မျက်နှာအရောင်အသွေးသည် ဖျော့တော့လျက်ရှိသည်။ နာကျင်လျက်ရှိသည်။ ဝမ်းနည်းနေလျက်ရှိသည်။
မြတ်သိန်းသည် မြတင့်အား မြင်သည်နှင့် ရေလောင်းလက်စ ထမ်းပုံးကို ပစ်ချခဲ့လိုက်ပြီး မြတင့်အနားသို့ အမြန်သွားလိုက်ပါ၏။
"မြ"
မြတင့်သည် အသက်မပါစွာ ပြန်ပြုံးပြလိုက်သည်။
"မြရဲ့ ပန်းလေးတွေကတော့ဖြင့် မြတ်သိန်းကို သိပ်သဘောကျတယ် ထင်တယ်ကွယ်"
မြတ်သိန်းသည် ရှက်အမ်းအမ်းကြီး ပြုံးလိုက်သည်။
"အစောကလေးကပဲ လွန်းမောင်တစ်ယောက် လာသွားသေးပါကောလား မြ"
မြတင့်သည် နှင်းဆီနီနီတစ်ပွင့်ကို နမ်းရှိုက်နေရင်းမှ မြတ်သိန်း၏ စကားကို နားထောင်နေသည်။
"အင်း.. မြ မြင်လိုက်ပါရဲ့လေ"
မြတ်သိန်းသည် နှင်းဆီပန်းအိုးများကြားရှိ ပေါင်းပင်သေးသေးကလေးများကို နုတ်နေရင်းမှ ပြန်မေးသည်။
"မြ လွန်းမောင်ကို..."
"တစ်ပွင့် နှစ်ပွင့် သုံးပွင့်..."
မြတင့်သည် လက်သည်းနီရဲရဲဆိုးထားသော လက်ညိုးကလေးဖြင့် နှင်းဆီပန်းကလေးများကို ရေတွက်နေသည်။ မြတ်သိန်းအား စကားဆုံးအောင်ပင် ပြောခွင့်မပေးခဲ့ပါချေ။ သို့တည်းမဟုတ် နားထောင်ရန် ခွန်အား မရှိတော့၍လည်း ဖြစ်မည်။
"နှင်းဆီတွေက ၂၃ပွင့်ပဲ ပွင့်တော့တာလား"
မြတ်သိန်းသည် အစောက စကားကို ထပ်ဆက်မတော့ဘဲ မြတင့်၏ အမေးကိုသာ ပြန်ဖြေလိုက်သည်။
"မြကို လွမ်းနေကြလို့ပေါ့"
မြတင့်သည် မြတ်သိန်း၏ စကားအား သဘောကျ၍ ပြုံးလေသည်။ အသက်တော့ မဝင်ခဲ့ပါချေ။
ထိုအခိုက်ဝယ် မြတင့်၏ ဆံညှပ်ကလေးသည် ပြုတ်ကျသွားချေ၏။ မြတင့်သည် ထိုဆံညှပ်ကလေးအား ပြန်ကောက်ရန်ပြင်စဥ်တွင် မြတ်သိန်း၏ ခြေထောက်အောက်သို့ ရောက်သွားခဲ့ချေပြီ။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...