ခိုင်တစ်ယောက် အိမ်မှာမရှိတော့သည်ဖြစ်၍ ဈေးဝယ်သည့်တာဝန်သည် မြတ်သိန်းအတွက်ပင် ဖြစ်လာရပြန်၏။သို့နှင့် မြတ်သိန်းသည် ဈေးခြင်းတောင်းကိုဆွဲကာ ရပ်ကွက်အနီးအနားရှိ ဈေးလေးသို့ ထွက်လာခဲ့ပါ၏။ အနှီဈေးငယ်လေးသည် မြတင့်တို့ရပ်ကွက်သူ၊ ရပ်ကွက်သားများအတွက်တော့ အားကိုးရာလေးပင် ဖြစ်၏။
မြတ်သိန်းမှာ အကွက်ကျဲကျဲ အပြာနုရောင်ပုဆိုးကို ဝတ်ဆင်ထားပြီး စွပ်ကျယ်အဖြူကို ဝတ်ဆင်ထားသည်။
အညာသားဖြစ်၍ အသားညိုလွန်းသော မြတ်သိန်းသည် သူ ဝတ်ဆင်ထားသော အဝတ်အစားနှင့် မည်သို့မျှ အမြင်မတင့်လှပါချေ။ လက်ထဲတွင်လည်း ဈေးခြင်းတောင်းကြီးနှင့် အင်မတန် ကို့ရိုကားယားနိုင်လှပါသေးသည်။
မြတ်သိန်းသည် ဈေးထဲသို့ ရောက်သည့်အခါ ကြက်သားသည်ကို အရင်လိုက်ရှာရသည်။ မြတင့်က ကြက်သားစားချင်သည်ဟု သေချာမှာလိုက်သောကြောင့်ပင်ဖြစ်၏။
အစားနှင့်ပတ်သက်လျှင် ဇီဇာကြောင်လှသော မြတင့်သည် ဤအကြိမ်တွင်လည်း သေချာပေါက်ဇီဇာကြောင်ပြန်ပါသေးသည်။ ကြက်သားကိုပင် ပေါင်သားမှ စားချင်သည်ဟု ဆိုလာပါ၏။
သို့နှင့် မြတ်သိန်းသည် ကြက်ပေါင်သားကို လိုက်ရှာရပါတော့သည်။ ဤနေ့မှ ကြက်ပေါင်သားသည် အတော်ပင်ရောင်းကောင်းနေသလားမသိ။ ဘယ်မှာမှရှာမရပေ။
မြတ်သိန်းသည် ဈေးဆုံးအောင် သွားလိုက်သည့်အခါမှသာ ကြက်ပေါင်သားကို ရှာတွေ့ပါ၏။ ကြက်ပေါင်မှာ တစ်ချောင်းသာ ကျန်တော့သည့်အတွက် မြတ်သိန်းသည် အနှီကြက်သားသည်ဆီသို့ အမြန်သွားလိုက်သည်။
သို့ရာတွင် မြတ်သိန်းထက် မိန်းမငယ်တစ်ဉီးက ခြေတစ်လှမ်းသာသွားတော့သည်။ မြတ်သိန်းမှာ ကိုင်ကြည့်နေရုံသာရှိသေးသည်။ အနှီမိန်းမငယ်သည် မြတ်သိန်းလက်ထဲမှ ဆတ်ခနဲ ဆွဲလုသွားပါ၏။
စင်စစ်သော်ကား အနှီမိန်းမငယ်သည် မြတ်သိန်းထက် ခြေတစ်လှမ်းဦးသွားခြင်းမဟုတ်။ မြတ်သိန်းထံမှ မတရားလုယူသွားခြင်းဖြစ်၏။ မြတ်သိန်းကား မတရားခံလိုက်ရခြင်းသာဖြစ်၏။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...