Part 2 ကျဆုံးခြင်းရင်ခွင်

1.5K 131 0
                                    

စနေနေ့ ညနေခင်းက ရန်ကုန်မှ ထွက်လာရာ နောက်ရက် တနင်္ဂနွေမနက်ခင်းမှာ ညောင်ရွှေကို ရောက်၏။ လမ်းမှာတစ်ထောင့်ပင် မရပ်မနား ကားကိုမောင်းလာခဲ့ရသဖြင့် ဟိန်းဇော်ဦး သူ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး တဆစ်ဆစ်ကိုက်ခဲရာမှ အခုတော့ ဘာမှခံစား၍မရအောင် သိသိသာသာပင် ထုံကျင်၍နေလေပြီ။ အရုဏ်တက်ချိန် မှောင်ရီဝိုးတဝါး ဖြစ်သဖြင့် လမ်းပေါ်၌ လူသူလေးပါး မသဲမကွဲသာ သွားလာနေကြပြီး ညောင်ရွှေတစ်မြို့လုံးဟာ သူ့ကို မကြိုဆိုချင်ကြသလို တိတ်ဆိတ်နေပြန်သည်။ မောင် သူ့ကို မချစ်ဘူးလို့ ငြင်းလိုက်တဲ့အချိန်မှစ ကမ္ဘာလောကရဲ့ ဘယ်နေရာကမှ သူ့ကို အလိုမရှိနေတဲ့ ခံစားချက်ကို ကျင့်သားရနေပါပြီ။ သို့သော်လည်း မကောင်းသော ကျင့်သားရနည်းဆိုတာက ဘယ်တော့မှ မကျက်တဲ့ဒဏ်ရာလို ထိမိတိုင်း ဆစ်ခနဲဖြစ်နေဆဲ။ ဒီခရီးဟာလည်း မောင် ကြိုဆိုနေမှာ မဟုတ်တော့ ပင်ပန်းရသည်ထက်ပိုစွာ မောရကျိုးပင် မနပ်သလို ခံစားရပြန်၏။

အချစ်ဟာ အစကတည်းက လောဘမကင်းခဲ့လေတော့ မောင် ငြင်းပယ်တာခံရတိုင်း သူ့မှာ စိတ်မောလူမော ဖြစ်နေရစမြဲ။

အမှတ်ရနေသော လမ်းကြောင်းအတိုင်း ညောင်ရွှေမြို့ကားဂိတ်ကို ကျော်လွန်၍ မင်္ဂလာ‌ဈေးလမ်းအတိုင်း ကားကိုဆက်မောင်းလာခဲ့ရာ ရတနာမာန်အောင်ဘုရားလမ်းဆုံးတွင် ညာဘက် မူလတန်းကျောင်းရှိရာသို့ ကားကိုကွေ့လိုက်၏။ ထိုအချိန်မှာပင် မှိုင်းဝေနေသော ကောင်းကင်မှ ရောင်နီဖြာလာခဲ့ပြီး သူ့အတွက်တော့ တစ်နေ့တာရဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာကို စတင်မြင်လိုက်ရသလို ရင်ထဲနွေးသွားရသည်။ ကျေးငှက်တို့ရဲ့ တေးသီသံအဆုံး နေမင်းလည်း နှိုးထခဲ့လေပြီ ဖြစ်သည်။ အလိုက်တသိ တာဝန်ချိန်လဲပေးသော လမ်းမီးတိုင်မှ မီးအလင်းရောင်တို့သည်လည်း အနားယူရန်အတွက် ခဏတွင်းချင်း နှုတ်ဆက်ထွက်ခွာသွားကြပြီ။

ဟိန်းဇော်ဦး တဖန်တက်ကြွလာသော မျှော်လင့်ချက်တို့ဖြင့် မောင်ရှိရာ အိမ်ကလေးကို လှမ်းမျှော်ကြည့်လိုက်တော့ အောက်ပိုင်းရေညှိတက်နေတဲ့ အဖြူရောင်အုတ်တံတိုင်းလေးဟာ မူလတန်းကျောင်းအလွန်မှာပင် ခြံခြင်းကပ်လျက် တည်ရှိနေ၏။ တဖြေးဖြေးချင်း နီးလာတိုင်း ရင်ခုန်သံတို့ကလည်း ပိုမိုမြန်ဆန်လာကာ စတီယာတိုင်ကို သတိဖြင့် ခပ်မြဲမြဲဆုပ်ကိုင်ထားမိသည်။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Where stories live. Discover now