လက်တွေ့မှာ သုံးလဆိုတဲ့အချိန်ဟာ လူတစ်ယောက်ကို ချစ်မိနေရင် ချစ်မိနေကြောင်း ဝန်ခံဖို့အတွက် မစောလွန်း၊ နောက်မကျလွန်းသည့် အချိန်အတိုင်းအတာတစ်ခုလို့ ပြောနိုင်မလား။ အခြေအနေတွေ တိုက်ဆိုင်ကုန်လို့ အခွင့်အရေးပဲဖြစ်ဖြစ် ရလာခဲ့ရင် အားခဲထားသမျှ သဲထဲရေသွန်မဖြစ်ရလေအောင် ကြိုပြီးတော့ အသိပေးထားရင် မကောင်းဘူးလား။ ဒူးထောက်ပြီး ဖွင့်ပြောရမလား။ စာနဲ့ပေးပြီး ဖွင့်ပြောရမလား။ ဒါမှမဟုတ် လက်တွေ့ကျကျပဲ စဝ်မောင်နဲ့မျက်နှာချင်းဆိုင်ကာ ချစ်ရေးဆိုသင့်လား။ အတွေးနဲ့တင်ပဲ တုန်ရီနေသည့် နှုတ်ခမ်းပါးတွေ၊ အေးစက်လာတဲ့ ခြေဖျားလက်ဖျားတွေက အမြင့်ကြောက်သည့် ကလေးငယ်ကို တောင်ထိပ်မှာ ကြိုးတန်းလန်းနဲ့ ချိတ်ဆွဲထားသလိုမျိုး စိတ်အစဉ်တစ်ခုလုံးက တလှပ်လှပ်တဖြတ်ဖြတ်နှင့် တုန်ရီစွာ ယိမ်းထိုးနေသည်။
တပေါင်းလထဲ ဝင်လာပြီးနောက် ညောင်ရွှေမြို့ရဲ့ ရာသီဥတုမှာ နေ့ဘက်တွေပူကာ ညဆို ချမ်းမြဲချမ်းနေဆဲ။ နှင်းငွေ့လေးတွေ ရွဲဆိုနေတတ်သည့် ညခင်းအလှကို ယစ်မူးရတာတစ်မျိုး ရွက်ဟောင်းတွေနေရာမှာ ဖူးဝေလာသည့် ရွက်သစ်တွေရဲ့ လှပသည့် နေ့ခင်းတွေက တစ်သွယ် လူ့စိတ်တွေကပါ မငြိမ်ချင်တော့ပေ။ နွေဦးအစမှာ သူထင်သလိုရမ်းကားနေသည့် တောင်ပြန်လေရူးက သစ်ရွက်အိုတွေကို တဖြုတ်ဖြုတ်ခြွေချနေပြန်၏။ အဝါရောင်သစ်ရွက်ကြွေတွေ တောင်လေအဝှေ့မှာ မြေပြင်နဲ့ လေဟာပြင်ကြား တစ်ကွေ့တစ်ပတ် ဆင်းသက်လာပုံက ရုပ်သေးရုပ်ကလေး လစ်ဆစ်ချိုးကာ ကပြဖျော်ဖြေနေသလို မှိန်းမောအသက်ဝင်စွာရှိ၏။ ကဗျာဆရာတစ်ယောက်က သူ့အချစ်ဦးအကြောင်း လွမ်းဆွေးပူပြင်းစွာ ကဗျာရေးနေသလိုမျိုး၊ ပန်းချီဆရာတစ်ယောက်က သူ့အကောင်းဆုံးလက်ရာကို ဖန်တီးနိုင်ဖို့ စိတ်လှုပ်ရှားရင်မောနေသလိုမျိုး စိတ်ပင့်သက်ကလေးကိုယ်စီဖြင့် ချစ်ခြင်းအတွက် ရတက်မအေးနိုင် ဖြစ်ရသည်။
ဝင်သက်မှာ ပျော်ရွှင်မှုမျှော်လင့်ချက်ဆိုရင် ထွက်သက်မှာတော့ ဒုက္ခနဲ့စိတ်မချမှုတွေ ပါမသွားနိုင်တာ ခက်တာပဲ။ ဟိန်းဇော်ဦးမှာ နွေဦးလေရူးက သူ့ရင်ထဲ ဝင်မွေ့လိုက်သလို စဝ်မောင်အပေါ်မှာထားရှိတဲ့ စိတ်သဘောထားတွေအကုန် ကမှောက်ကမဖြစ်ပြီး ထိန်းမနိုင်ချင်တော့ပေ။ ရှင်းရှင်းလွယ်လွယ်ပြောရရင် သူ ဆက်ပြီး မထိန်းချင်တော့ပေ။
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-