Part 4 ကြယ်

1.1K 110 12
                                    

မြန်မာတွေ တန်ဖိုးထားရသော အထွတ်အမြတ်လတွေထဲမှ တန်ဆောင်တိုင်လ၊ တန်ဆောင်မှုန်းပွဲတော်ဆိုလျှင် မသိမည့်သူမရှိဟု ထင်ပါသည်။ ဘုရားကျောင်းကန်တွေမှာ မျက်စိတစ်ဆုံး ထိန်ထိန်ညီးနေတဲ့ ဆီမီးတိုင်များ၊ ကောင်းကင်တခွင် ထွန်းလင်းနေသည့် မီးပုံးများနှင့် တန်ဆောင်မှုန်းလပြည့်နေ့ဟာ "တန်ဆောင်"ဆိုသည့် ဆီမီးနှင့် "မှုန်း"ဆိုသည့် ပျံ့နှံ့စေခြင်းတို့ ပေါင်းစပ်ရည်ညွှန်းပြီး မည့်ဆိုထားခြင်းဟု သိရ၏။ ထိုကြောင့်ပဲ တန်ဆောင်မှုန်းလပြည့်နေ့ဆို မြေပြင်မှာ ဆီမီးထိန်ထိန်ထွန်းရုံနဲ့ အားမရလို့ ကောင်းကင်ထိပင် မီးရှုး၊ မီးတိုင်တို့ကို လွှတ်တင်၍ လင်းလက်တောက်ပစေခဲ့ခြင်း ဖြစ်ပါ့လိမ့်မည်။

မောင့်ကို တွေ့ဖို့အကြောင်းဖန်လာတာကလည်း တန်ဆောင်မှုန်းလမှာပင် ဖြစ်ပြီး လပြည့်နေ့မှာတော့ မဟုတ်။ အဲဒီမတိုင်ခင် နေ့များစွာမှာကတည်းက စတင်ခဲ့ခြင်းဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင် မောင့်ကို တွေ့ခဲ့သောနေ့က ညောင်ရွှေဈေးထဲမှာ ဖြစ်ပြီး မောင်ကတော့ သူဆိုသည့်ကောင်လေးတစ်ယောက်ကို အဲဒီနေ့ကလည်း မမြင်ခဲ့ပါ။

အဲဒီနှစ်က သူ့ဆံပင်အရောင်မှာ မဟော်ဂနီရောင်၊ သူ့အသက်မှာ ဆယ့်ရှစ်နှစ်ကို ပြည့်ပြီးရုံသာ ရှိသေးသည့် လူကြီးမကျ ကလေးလည်း မဟုတ်တော့သည့် အရာရာ စူးစမ်းချင်စိတ်အပြည့်ဖြင့် အကြောက်အလန့် မရှိသော အရွယ်။ မောင့်စကားအရဆို ကျွန်တော်က စိတ်ရှုပ်ရတာကလွဲပြီး ဘာမှသုံးစားမရတဲ့အရွယ် ဖြစ်ခဲ့တာပေါ့။

နယ်ခံသူငယ်ချင်းလည်းဖြစ်၊ အစ်ကိုလိုလည်း ခင်ရသည့် ကိုနိုင်ကြောင့် ဒုတိယနှစ်စာမေးပွဲဖြေထားပြီးသော အားလပ်ရက်မှာ တောင်ကြီးကို ဟိန်းဇော်ဦး သူငယ်ချင်းများနှင့် ခဏတစ်ဖြုတ် လိုက်ပါလာလည်ခြင်းပင်။ ကနဦးကတော့ တောင်ကြီးမီးပုံးပွဲကို စောင့်၍ တောင်ကြီးမှာပဲ အချိန်ဖြုန်းရန် ရည်ရွယ်ထားသော်လည်း သူတို့လာတာ အလွန်စောနေသဖြင့် ကိုနိုင် ဦးဆောင်ကာ တောင်ကြီးနဲ့ အနီးတဝိုက်မြို့တွေ လာလည်ရင်းမှ ညောင်ရွှေဘက်အထိပါ အလည်ရောက်ခဲ့ခြင်းဖြစ်၏။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Dove le storie prendono vita. Scoprilo ora