စဝ်မောင်နေသည့်အိမ်မှာ ဒီနေ့ဒီအချိန်ထိ လျှပ်စစ်မီးမသွယ်ထားသဖြင့် အမှောင်ဝင်လာသည်နှင့် တပြိုင်နက် အလင်းရောင်မရှိတော့ပေ။ သို့သော် ရတနာမာန်အောင်စေတီဘုရားဝင်းဆီမှ မီးအလင်းရောင်နှင့် လမ်းမီးတိုင်တို့ကြောင့် ခြံထဲမှာတော့ မြင်သာထင်သာရှိနေပါသေး၏။ အိမ်အရှေ့ခန်းနှင့် ဧည့်ခန်းကိုတော့ ဘုရားစင်မှာ ထွန်းညှိပူဇော်ထားသည့် ဆီမီးအိမ်ငါးအိမ်မှ အလင်းပေးနေပြီး ဟိုဟိုဒီဒီသွားချင်လျှင်တော့ ဟိန်းဇော်ဦးဝယ်ထားသည့် ဓာတ်ခဲဓာတ်မီးကို အသုံးပြုရသည်။ သူတို့နှစ်ယောက်အခန်းထဲမှ ဖယောင်တိုင်မီးကိုတော့ အိပ်ခါနီးဆို ငြိမ်းရ၏။
မောင်ကတော့ မှောင်လာပြီဆိုရင် အနားယူဖို့သာလိုအပ်ကြောင်း ဆင်ခြေပေးပြီး လျှပ်စစ်မီးမယူပေ။ သူလည်း လက်ထပ်ပြီးကတည်းက ညောင်ရွှေမှာ ကြာကြာနေလေ့ မရှိတာကြောင့် မောင်နဲ့စကားများခံပြီး ဇွတ်အတင်းမတိုက်တွန်းခဲ့ခြင်းသာ။ သို့သော် အခုလိုမျိုး အလုပ်ကိစ္စ မေးလ်ပို့နေရင်း ရုတ်တရက်လပ်ပတော့ အားကုန်သွားသည့်အချိန်မှာတော့ ထိုဆုံးဖြတ်ချက်ကို နောင်တရမိပါ၏။ ဟိန်းဇော်ဦး နာရီကိုကြည့်လိုက်တော့ ညကိုးနာရီခွဲနေပြီ။ ထိုအချိန်မှ အပြင်ထွက်ပါကလည်း စဝ်မောင်က ခွင့်ပြုပေးမည်မဟုတ်သဖြင့် သူငုတ်တုတ်ထိုင်နေရုံမှတပါး စက်ပိတ်သွားသည့် စခရင်မျက်နှာပြင်ကိုသာ စိတ်ပျက်လက်ပျက်ကြည့်ရင်း ဧည့်ခန်းထိုင်ခုံ၏နောက်ကြောကိုသာ အားပါးတရမှီချလိုက်သည်။
"မနက်မှပဲ ဟိုတယ်မှာ အားသွားသွင်းရမယ်။"
အစောကအထိ အလုပ်ကိုသာ အာရုံရောက်နေသဖြင့် အပြင်ဘက်မှ အသံဗလံတွေကို မကြားမိဘဲ ရှိနေခဲ့ရာ အခုစိတ်ငြိမ်သွားသည်နှင့် သူ့ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေကြောင်း သတိထားလိုက်မိ၏။ လပ်ပတော့လေးဖွင့်ပြီး စာရိုက်နေတုန်းကတောင် ဘုရားခန်းမှာ မောင်ကဘုရားရှီခိုးနေခဲ့တာ မဟုတ်လား။ တရားစာတွေကို နာရီဝက်တစ်နာရီတိုင်အောင် ရွတ်ဖတ်ပူဇော်တတ်သည့်မောင့်အသံ ပျောက်သွားပြီး လူပါနေရာမှ ထ,သွားသည်ကိုပင် မသိလိုက်သည်အထိ အလုပ်ထဲဈာန်ဝင်သွားသည့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်မိ၏။
VOCÊ ESTÁ LENDO
မောင့် လက်တစ်ကမ်းအလို(Love, beyond)
Ficção Geralတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-