လူတွေဟာ ကျရှုံးပြီဆိုရင် စိတ်ပျက်အားလျော့သွားကြတဲ့ နည်းတူ အချစ်မှာပထမဆုံးအကြိမ် ကျရှုံးခဲ့တဲ့ ဟိန်းဇော်ဦးလည်း လူပဲမဟုတ်လား။ အရှုံးဆိုတဲ့ရလဒ်ထက် ပိုပြီးဝမ်းနည်းရတာက အဲဒီအရှုံးရဲ့နောက်ကွယ်မှာ အခွင့်အရေးကို မမြင်ရတော့သည့်အချိန်ဖြစ်၏။ အကြိမ်ကြိမ်ကျရှုံးလည်း နောက်တစ်ကြိမ်ကြိုးစားရုန်းထဖို့ မကြောက်ရွံကြသူတွေကတော့ သူမမြင်ခဲ့တဲ့ အခွင့်အရေးကို မြင်ခဲ့ကြပါလိမ့်မယ်။ သူ့အတွက်တော့ အခွင့်အရေးဆိုတာက ငါရအောင်လုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်မဟုတ်ဘဲ နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်လည်း ငါ့အတွက်ဖြစ်နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်အလင်းရောင်ပါ။ ဘဝမှာ ပြီးပြည့်စုံတဲ့ မျှော်လင့်ချက်အလင်းရောင်မျိုးကို ရနိုင်တဲ့သူဟာ အတော့်ကိုရှားပြီး ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင်တော့ မရှိသလောက်ပင်။
မောင့်ဆီမှာ အလိမ်ပေါ်သွားခဲ့ပြီဆိုတဲ့ အသိနဲ့ အငြင်းခံလိုက်ရတဲ့ လက်ရှိအခြေအနေကြောင့် ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့တာကတော့ ဟိန်းဇော်ဦးရဲ့ အရှက်တွေပဲဖြစ်၏။ မောင့်ကိုနောက်ဆုံးတစ်ကြိမ် တွေ့လိုက်ရပြီးကတည်းက စိတ်ဓာတ်ကျသူတစ်ယောက်လို အခန်းအောင်းပြီး အပြင်မထွက်နိုင်ခဲ့တာ တစ်ပတ်ကျော်တိတိ ကြာပြီးသည့်နောက်မှာတော့ သူငယ်ချင်းကိုနိုင် ဇွတ်အတင်းဆွဲခေါ်၍ ဟိန်းဇော်ဦး ဟိုတယ်မှ ထွက်လာခဲ့ရသည်။
သို့သော် ကိုနိုင်ရဲ့အမိုးပွင့်ဂျစ်ကားလေးပေါ်မှာလည်း ဟိန်းဇော်ဦးက ငြိမ်သက်လို့။
အရင်က ညောင်ရွှေမြို့ရဲ့ ညနေခင်းဟာ တိတ်ဆိတ်ခြင်း၊ အေးချမ်းခြင်း၊ နှစ်လိုဖွယ်ရှိခြင်းတို့ဖြင့် ပြည့်နေခဲ့သော်လည်း အခုတော့ ထိုတိတ်ဆိတ်ခြင်းဟာ အသဲကွဲခြင်းသို့ ပြောင်းလဲပြီး၊ အေးချမ်းခြင်းဟာ အထီးကျန်ခြင်း၊ နှစ်လိုဖွယ်ရှိခြင်းဟာ ဝမ်းနည်းခြင်းအဖြစ်သို့ ကူးပြောင်းလေပြီ။
ခံစားချက်မကောင်းသော လူတစ်ယောက်ဟာ နောက်ထပ်ဘယ်အရာကိုမှ ခံစားသိရှိနိုင်ခြင်း မရှိတော့သည့် စိတ်ပျက်အားလျော့မှု မြောက်မြားစွာကို ဟိန်းဇော်ဦးမျက်နှာမှ ကောင်းစွာဖော်ပြလျက်ရှိ၏။ ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်သော ကိုနိုင်က သူ့ရဲ့ဂျူနီယာဖြစ်သူ ဒုတိယနှစ်ကျောင်းသား ဟိန်းဇော်ဦးအား ညောင်ရွှေခေါ်လာမိတာ ငါ့အမှားဆိုသည့်ပုံစံဖြင့် ခဏခဏ လှည့်ကြည့်သော်လည်း ဟိန်းဇော်ဦးကတော့ စကားတစ်ခွန်းတောင်မှ မဆိုခဲ့ပါလေ။
VOCÊ ESTÁ LENDO
မောင့် လက်တစ်ကမ်းအလို(Love, beyond)
Ficção Geralတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-