ဘုရားတောင်ရွာသည် ဘီလူးချောင်းရေလှောင်တမံတည်ဆောက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပြီး စံကားအင်းဖြစ်ပေါ်လာသည်နှင့်အတူ လူတွေပြောင်းရွှေ့နေထိုင်ရာမှ ပေါ်ပေါက်လာခဲ့သော လွိုင်နွဲ့တောင်ပေါ်ရှိ ရေဆိပ်ရွာလေး တစ်ရွာဖြစ်သည်။ စံကားအင်းအစပ် မေးတင်ကလေးတွင်ရှိသော ဘုရားတောင်ရေစက်ဘုန်းကြီးကျောင်းသည် တစ်ရွာလုံး၏အခရာဖြစ်ပြီး ရပ်ဝေးရပ်နီးမှ ကလေးများ၏ ပညာရေးကို ဘုန်းကြီးကျောင်းမှ နိုင်ငံတကာပရဟိတအဖွဲ့အစည်းများ စုပေါင်း၍ ထောက်ပံ့ပေးထားခြင်းဖြစ်သည်။
နှစ်စဉ်နိုင်ငံရပ်ခြားမှ ပရဟိတလာလုပ်ကြသည့် အဖွဲ့အစည်းများ၊ ကျောင်းအိပ်ကျောင်းစားနေကြသည့် ကျောင်းသူကျောင်းသားများအတွက် ထိုဘုန်းကြီးကျောင်းမှာနေ၍ အင်္ဂလိပ်စာသင်ပေးသည့် နိုင်ငံခြားသားများ၊ ဟိုတယ်လုပ်ငန်းနှင့်ဆိုင်သော ဝန်ဆောင်မှုအတတ်ပညာများကို သင်ကြားပေးခြင်း၊ လက်မှုလုပ်ငန်းများကို ပရဟိတအဖွဲ့များမှ လာရောက်သင်ကြားပေးခြင်း၊ ထိုကဲ့သို့ ပညာရေးဗဟိုပြု တည်ထောင်ထားသည့် ဘုရားတောင်ရွာ ရေစက်ဘုန်းကြီးကျောင်းသည် မြန်မာနိုင်ငံအတွင်းမှ လူသိနည်းသည့် အိုအေစစ်လေးတစ်ခုဖြစ်သည်။
လွိုင်နွဲ့တောင်ကို ကားလမ်းခရီးပေါက်သော်လည်း ကားနှင့်လာရသည်ကို မောင်က သိပ်တော့မကြိုက်ပါ။ ဟိန်းဇော်ဦးက လှေစီးပြီး နေပူမခံလိုလျှင် မောင်က လှေစီးပြီးတော့ စံကားအင်းကိုဖြတ်ချင်သည်။ ထိုမှတဆင့် ဘုရားတောင်ရေဆိပ်သို့ သွားလိုသည်။ သူ့အနေနဲ့ ရေပျော်ငှက်ကလေးတစ်ကောင်ကို မရမက ကားပေါ်ဆွဲတင်၍ မြေကြီးလမ်း၊ ဖုန်လမ်း၊ တောလမ်း၊ တောင်လမ်းမှ ခေါ်လာရသည်မှာ လွယ်တော့မလွယ်။ သယ်ရမည့်စ္စည်းတွေများအောင် ဟိုပစ္စည်းဒီပစ္စည်း ပတ်ဝယ်လိုက်တော့မှ မောင့်ကို ကားနဲ့သွားဖို့ ဆွယ်လို့ရခဲ့ပြီး အခုတော့ သူတို့ကားလေးထဲမှာ ထိုပစ္စည်းတွေဖြင့်သာ ပြည့်နေတော့၏။
တောင်ပေါ်လမ်းအကွေ့တွေကို ဂရုတစိုက်မောင်းနေရသည့်အပြင် မောင်ရှင်းပြသည့် ဘုရားတောင်ရွာရဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း အာရုံမလွတ်တမ်း နားထောင်၍ ပြန်လည်တုံ့ပြန်ရသေးသည်။ မောင်က တခြားခေါင်းစဉ်ဆိုရင် မပြောသလောက်နီးပါး စကားနည်းသော်လည်း သူလုပ်နေသည့်လုပ်ငန်းတွေအကြောင်း စိတ်အားထက်သန်စွာဖြင့် ဟိန်းကို လေးလေးနက်နက် ရှင်းပြနေပါ၏။ မူလတန်းအဆင့်သာရှိရာမှ မကြာခင်လေးတင် အထက်တန်းပညာရေးကိုရအောင် ကျောင်းထိုင်ဘုန်းဘုန်းကြီးမှ ကြိုးစားထားသည့်အကြောင်း။ ရှမ်းပြည်ပညာရေးအဖွဲ့အစည်းများမှတဆင့် မြို့ပေါ်ရှိ နိုင်ငံတကာပရဟိတအဖွဲ့ အစည်းများနှင့် လှမ်းချိတ်ကာ အခမဲ့ပညာရေးပရောဂျက်များ အစီအစဉ်ရေးဆွဲပေးနေသည့်အကြောင်း။ နှစ်စဉ် နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက်၍ လည်ပတ်ကြည့်ရှုလျှင် လိုအပ်သည်များကို ပံ့ပိုးကူညီရသည့်အကြောင်း။ စဝ်မောင်က တစ်ဖက်ကချိတ်ဆက်လာသည့် အဖွဲ့အစည်းများအား လူစီစစ်၍လက်ခံကာ တစ်လတန်သည်ဖြစ်စေ၊ သုံးလတန်သည်ဖြစ်စေ ပရောဂျက်ကာလအတွင်း အဆင်ပြေမှုရှိမရှိ၊ တိုးတက်မှုရှိမရှိ ကြည့်ရှုပေးရခြင်းဖြစ်သည်။
ВЫ ЧИТАЕТЕ
မောင့် လက်တစ်ကမ်းအလို(Love, beyond)
Художественная прозаတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-