အဖြူရောင်တိမ်တိုက်တွေဟာ ငွေရောင်တလက်လက် တဖျက်ဖျက်ဖြင့် မိုးပြာရောင်ကတ္တီပါ ကောင်းကင်ထက်တွင် ဟိုတစ်ကွက်ဒီတစ်ကွက် တောက်ပလို့ တည်ရှိနေ၏။ နောက်ခံရှမ်းရိုးမတောင်တန်းတွေ၏ စိမ်းတောက်တောက်ဘော်ကြယ်ရောင်တွေကို မျက်စိစူးမတက် ငေးကြည့်မိရင်း အင်းလေးဒေသရှိ ခြေသလုံးအိမ်များကိုလည်း ရေပြင်ပေါ်မှာ အသေးစိတ်ကျကျ ဆောက်လုပ်ထားကြောင်း တွေ့ရပြန်သည်။ ရွှေခြည်လှိုင်းတွန့်ကလေးတွေနဲ့ ကန်ရေပြင်မှာ မဗေဒါတို့တသိုက် ပျော်မြူးသည့်အခါ လှော်လှေကလေးတစ်စီးပေါ်မှာတော့ အင်းအမျိုးသားနှင့် အမျိုးသမီးတစ်ယောက် ပြုံးရွှင်ကြည်နူးလို့ လိုက်ပါနေ၏။ ထိုလှေကလေးပေါ်တွင် အသီးအရွက်တွေ အစုံအလင်ထည့်ထားပါသဖြင့် ဒါဟာကြည့်လိုက်ရုံနဲ့တင် ရေပေါ်ဈေးသို့သွားမည့် လှေကလေးဆိုတာလည်း ခန့်မှန်းမိနိုင်ပါသည်။ ဟိန်းဇော်ဦး နံရံပေါ်ရှိ ရွှေချည်ထိုး ပန်းချီကားတစ်ချပ်ကို အသေးစိတ်လိုက်ကြည့်မိရင်း သူ့မျက်လုံးတွေက နောက်ထပ် နံရံတစ်ဖက်ဆီက ပန်းချီကားတစ်ချပ်ဆီ ရောက်သွားပြန်၏။ ဒီတစ်ခါက ငွေပန်းထိန်လက်ရာဖြင့် ထုဆစ်ဖော်ထားသော ငွေပန်းအိုးတစ်လုံး၏ ငွေချည်ထိုးပန်းချီကားတစ်ချပ် ဖြစ်ပါသည်။
ပန်းချီကား၏ ဘောင်ကွပ်နှုတ်ခမ်းတွေကို ပန်းခတ်ပန်းနွယ်တွေ အစီအရီဖြင့် အနုစိတ်ချယ်သထားပုံက တကယ့်ကိုစိတ်ရှည်လက်ရှည်ဖြင့် ပုံဖော်ရသော ပညာရပ်တစ်ခု၏ ဂုဏ်ယူဖွယ်လက်ရာတစ်ခု။ ရွှေချည်ထိုး၊ ငွေချည်ထိုးပန်းချီကားချပ်တွေဟာ ဆရာစဝ်မောင်တို့ မိသားစုပိုင် အလုပ်ရုံ၏ ရုံးခန်းနံရံများတွင် အခန်းအလှဆင်ပစ္စည်းတစ်ခုအဖြစ် ထည်ထည်ဝါဝါ ဝင့်ဝင့်ကြွားကြွား တည်ရှိလို့နေသည်။
မွန်ပုဆိုးနက်ပြာရောင်ဖြင့် ပင်လယ်ပြာရောင်ရှပ်အင်္ကျီလေးကို ဝတ်ဆင်ထားသည့် ဟိန်းဇော်ဦးက အများတကာ၏အမြင်တွင် ကျက်သရေရှိစွာ ခန့်ညားနေပြီး တင့်တယ်လွန်းလှသော်လည်း စဝ်မောင်ကတော့ မကြာမကြာ ခေါင်းအစ ခြေအဆုံး ဝေဖန်ချင်သော မျက်လုံးကလေးများဖြင့် လှမ်းကြည့်တတ်၏။ စဝ်မောင်က နေ့လည်ခင်းတွင် ပန်းထိမ်ဆရာများ၊ ဝန်ထမ်းကလေးများဖြင့် ဟိန်းဇော်ဦးကို မိတ်ဆက်ပေးမည့် အစည်းအဝေးအတွက် လိုအပ်သောမှတ်စုကို ထိုင်ရေးနေပြီး ဟိန်းဇော်ဦးကတော့ အခုမှရောက်ဖူးသည့် ရုံးခန်းပတ်ပတ်လည်ကို လိုက်လံ၍ လေ့လာနေပါသည်။ စဝ်မောင် ဝတ်ထားသည့် အပြာနုရောင် ရိုးရာရှမ်းဝတ်စုံသည် ဖဲသားဖြင့်ချုပ်ထားပြီး ရင်စေ့နေရာနှင့် လက်ကောက်ဝတ်တို့တွင် ရွှေချည်အနားကွတ်ထား၏။ ဝတ်နေကျမှန်း သိသာသော်လည်း မီးပူကျကျနနထိုးထားသဖြင့် အခုချိန်ထိ သစ်လွင်နေသေးသယောင် ပေါ်လွင်နေတာက သူ၏စည်းကမ်းရှိမှု၊ ထိန်းသိမ်းတတ်မှုကိုလည်း ပြသနေပါသည်။
ESTÁS LEYENDO
မောင့် လက်တစ်ကမ်းအလို(Love, beyond)
Ficción Generalတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-