အခိုးရိုက်နေသောရေနွေးငွေ့တွေဖြင့် မှုန်ပြပြဖြစ်နေသည့် ရေချိုးခန်းထဲမှာ တယိမ်းတယိုင်ဖြင့် တုန်လှုပ်နေသော ဖယောင်းတိုင်၏အလင်းမျှသာရှိပါ၏။ လေးထောင့်ကျကျဖန်ခွက်ထဲမှာ ထွန်းညှိထားသည့် ဖယောင်းတိုင်တွေဟာ အချိုးအစားတဝက်တိတိကို လျော့ကျနေပြီဖြစ်ပြီး ခပ်နှေးနှေးဖြေးဖြေးချင်း အရည်ပျော်ကျနေပါသည်။ ရနံ့ကုထုံးဖြင့် ပေါင်းစပ်ထားသော ဆေးဖက်ဝင်အဆီအနှစ်တွေအပြင် ခေါင်းကြည်စေသည့် သံပုရာနံ့သင်းသင်းရယ်၊ စိတ်ဖိစီးမှုလျော့ကျစေသည့် ပန်းရနံ့ရယ်ဟာ သူ့အချိုးကျနှင့်သူ တလှည့်စီသင်းပျံ့ထုံနေ၏။
နို့နှစ်ရောင်အမွှေးဆီတွေဖြင့် ရေချိုးကန်ဟာ လူနှစ်ယောက်အားဖြင့် ပြည့်လျှံလုဆဲဆဲဖြစ်နေသည့်တိုင် ပျံ့ကျဲထားသည့် နီရဲရဲနှင်းဆီပွင့်ဖက်တွေကလည်း ကပ်ကပ်သပ်သပ် တင်ကျန်နေပြန်သည်။ တိတ်ဆိတ်သွားသည့် အခန်းရဲ့လေထုမှာ အလှုပ်အရှားပြုလိုက်တိုင်း လျှံကျသွားသည့် ရေစက်အသံတို့သာ ကြားရပါ၏။ တစ်ချက်တစ်ချက် ရေချိုးကန်နှုတ်ခမ်းအနားမှ အောက်ကြမ်းပေါ်သို့ ရေတွေဗွမ်းခနဲ လျှံကျသွားလေတိုင်း မျှောပါသွားသည့် နှင်းဆီပွင့်တို့ကလည်း မနည်းလှတော့ပေ။
စဝ်မောင် သူ့ပုခုံးပေါ်သို့စီးကျလာသည့် ရေစက်တွေနှင့်အတူ ရင်ဘတ်မှာတင်ကျန်နေခဲ့သည့် ပွင့်လွှာတွေတစ်ချပ်ချင်းရယ်ကို ဖယ်ရှားရင်း ကန်ထဲပြန်မျှောလိုက်၏။ ဒါကိုပဲ အထပ်ထပ်အခါခါလုပ်နေခဲ့ပြီးနောက် ရုတ်တရက် သူရပ်တန့်လိုက်ပါသည်။ အကြောင်းကတော့ သူ့ခါးပေါ်ကိုရောက်ရှိလာသည့် လက်တစ်စုံ၏အထိအတွေ့ကြောင့်ရယ်ပါ။ မျက်လုံးတွေကိုမှိတ်ထားရင်း သူ့အပေါ်သို့မှီကျလာသည့် ထိုခေါင်းတစ်လုံးဟာ တွယ်တာလွန်းအားကြီးသဖြင့် ထမ်းထားရသည့် သူ့ပုခုံးဟာလည်း လေးလံသွားရ၏။
"မောင်...ချစ်တယ်နော်"
စဝ်မောင် လှုပ်လိုက်သဖြင့် ရေတစ်ချို့ဟာအပြင်သို့လျှံကျသွားပြီး သူ့လက်ကလွတ်သွားသည့် နှင်းဆီပွင့်တွေပါ, ပါသွားသည်။ ဟိန်းဇော်ဦးဆီက သူမကြာမကြာ ကြားရလေ့ရှိသည့် ထိုစကားလေးနှစ်လုံးကို သူဘယ်တုန်းကမှ အပြည့်အဝ မယုံကြည်ရဲခဲ့ပါဘူး။ ဟိန်းဇော်ဦးက သူ့ကိုချစ်တယ်ဆိုပြီးရင် အဲဒီနောက်မှာ သူ့အတွက်ဒုက္ခရောက်စေမည့် အဖြစ်အပျက်တွေကို ယူဆောင်လာတတ်သည်။ ဟိုအရင်တုန်းကတော့ ရင့်ကျက်မှုမရှိဘဲ ချစ်တယ်လို့ မိုက်ရူးရဲဆန်ဆန်ပြောသည်။ နောက်ပိုင်းမှာ ပိုင်ဆိုင်ချင်တိုင်း ချစ်တယ် ခဏခဏပြောသည်။ သိပ်လည်လာသည့်အခါ မှားသွားရင် ခွင့်လွှတ်စေချင်လို့ ချစ်တယ်ပြောသည်။ အခုကရော...ဘာကြောင့်များ ချစ်တယ်ပြောတာပါလိမ့်။
KAMU SEDANG MEMBACA
မောင့် လက်တစ်ကမ်းအလို(Love, beyond)
Fiksi Umumတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-