Part 8 Zawgyi

233 14 0
                                    

စံကားမြို့ဟောင်းသို့ တိုက်ရိုက်ပေါက်သည့် မိုင်းသောက်-နန်းပန်လမ်းအတိုင်း ဟိန်းဇော်ဦး ကားကို ဖြေးညင်းစွာ မောင်းလာခဲ့ရာ မနက်ခင်း ရှစ်နာရီစွန်းစွန်းမှာတော့ မျှော်လင့်ထားသည့် စံကားမြို့မကျေးရွာရှိရာသို့ ဆိုက်ရောက်ခဲ့၏။ မြို့ဟောင်းလေးရဲ့ နံနက်ခင်းက စောလျင်စွာ အသက်ဝင်လို့ နေပြီမို့ လူရိပ်တွေ တွေ့နေမြင်နေရတာက မဆန်းပြီ။ ဟိန်းဇော်ဦးနှင့် စဝ်မောင်က တစ်ခါတည်း ရန်ကုန်ဆင်းမှာမို့ ကုန်းလမ်းဖြင့် လာခဲ့သော်လည်း မောင့်မိသားစုကတော့ ထုံးစံအတိုင်း အင်းလေးကန်ကို ဖြတ်၍ ရေကြောင်းလမ်းဖြင့် လာကြခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ ဟိန်းဇော်ဦးတစ်ယောက် ကားကို မြို့မဘုန်းကြီးကျောင်းနား သင့်တင့်သလို ရပ်ထားခဲ့ကာ မိသားစုဝင်တွေကို ကြိုဖို့အတွက် မောင်နဲ့အတူ လှေဆိပ်ဆင်းခဲ့၏။

အင်းလေးကန်၏ တောင်ဘက် မိုင်းပေါင်းလေးဆယ်အကွာ ဘီလူးချောင်း အနောက်ဘက်ကမ်းတွင် တည်ရှိနေသော စံကားမြို့ဟောင်းကို နောက်ဆုံးအုပ်ချုပ်ခဲ့တာက စော်ဘွားစဝ်ခွန်ကြည်ဖြစ်သည်။ မြို့ကိုတော့ ၁၄၇၉ ခုနှစ်တွင် ကျိုင်းဟဲစော်ဘွား စဝ်ပြားစဲ၏ညီတော် စဝ်ပြားလဲက နောက်လိုက်နောက်ပါ ယွန်းရှမ်းလူမျိုးများနှင့်အတူ စတင်တည်ထောင်ခဲ့ကာ နဂိုမူလက ပန်လုံမြို့ဟု တွင်ခဲ့သည်။ သို့သော် ယနေ့ခတ် စံကားလို့ အမည်တွင်လာပုံကတော့ ဤသို့နယ်။ စံကားသားအနှစ်ဖြင့် ထွင်းထုထားသော မြတ်စွာဘုရားဆင်းတုတော်ကို ဌာပနာပြု၍ တည်ထားခဲ့သော စံကားရွှေဂူဘုရားမှသည် နယ်မြေကိုလည်း စံကားနယ်မြေအဖြစ် ခေါ်တွင်ကြခြင်းမှ စသည်။ ထိုစံကားရွှေဂူဘုရားဟာ မြတ်စွာဘုရား၏ ဓာတ်တော်အစစ်ကိုလည်း ဌာပနာထည့်သွင်းခဲ့သည်ဟု အဆိုရှိသေး၏။

သမိုင်းကို ပြောရင် တုတ်ထမ်းဓားထမ်း ပြောရမှာမို့ ဟိန်းဇော်ဦး သိပ်မပြောချင်ပါ။ သူသိသမျှဟာ မောင်ပြောပြထားသလောက်သာ။ ကားမောင်းလာစဉ် လမ်းတစ်လျှောက် စဝ်မောင်က စိတ်ရှည်စွာဖြင့် ရှင်းပြထားသလောက်သာ သူသိသည်။ နောက်ဆုံး မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၉ ခုနှစ်မှာ ပဒေသရာဇ်တော်လှန်ရေး ပေါ်ပေါက်လာပြီး စော်ဘွားတွေလည်း ပုန်ကန်ထကြွခြင်း ခံရကာ စံကားဟော်နန်းကိုပါ မီးရှို့ဖျက်ဆီးခြင်း ပြုကြသလို စော်ဘွားအမျိုးအနွယ်တွေပါမကျန် ထွက်ခွာရှောင်ပုန်းခဲ့ရ၏။ မောင့်မေမေ စဝ်ခိုင်ကြည်က ဒီအနွယ်တော်အဆက်ဖြစ်လို့ မောင်တို့မိသားစုက နှစ်လည်အလှူကို စံကား ဘုန်းကြီးကျောင်းမှာ လာလုပ်ခြင်းဖြစ်သည်။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Where stories live. Discover now