ပြတင်းတံခါးပေါက်တွင် တပ်ထားသော အဖြူဆွတ်ဆွတ် လိုက်ကာစ,နှစ်ဖက်သည် လေအဟုန်မှာ စီးမျောနေသည့် ချိုးဖြူတစ်ကောင်၏ တောင်ပံတွေကဲ့သို့ ဝဲပျံလျက်ရှိနေသည်။ အခန်းထဲထိတိုးဝင်လာသည့် တောင်ပေါ်လေဟာ ခပ်လှမ်းလှမ်း မနီးမဝေးဆီမှ လူရွယ်လေးတစ်ယောက် လေချွန်နေသကဲ့သို့ တဝွီဝွီမြည်လျက်။ ရေးရေးရိပ်ရိပ်ဖြင့် အသံဟာ ကြားတစ်ချက် မကြားတစ်ချက်။ မိုးအငွေ့အသက်တို့ လွှမ်းခြုံနေသောကြောင့် ချမ်းစိမ့်စိမ့် ဖြစ်လာသည့်အခါ ဟိန်းဇော်ဦး နီးစပ်ရာအနွေးဓာတ်ရှိရာသို့ အလိုလိုလှမ်းတိုးမိသည်။ သို့သော် မောင်ရှိရမည့် အိပ်ယာခင်းတစ်ခြမ်းဟာ ပို၍အေးစက်နေသဖြင့် သူ့လက်တို့ဟာ ရပ်တန့်သွားသည်။ ဟိန်းဇော်ဦး မျက်လုံးတို့ကို ဖွင့်ကြည့်ကာ သူ့စိတ်ထင်ကို မျက်မြင်ဖြင့် အတည်ပြုလိုက်ပါ၏။
မောင် အိပ်ယာပေါ်မှ ထသွားပြီဖြစ်သည်။
သူမျက်လုံးမဖွင့်ခင်က လေတိုက်သံတစ်မျိုးတည်းသာ ကြားနေခဲ့ရာမှ အခုခဏအတွင်းမှာပဲ သွပ်မိုးပေါ်သို့ မိုးစက်များ တဖျောက်ဖျောက်ကျဆင်းလာသံကို ကြားလိုက်ရသည်။ ဟိန်းဇော်ဦး ကုတင်ပေါ်မှ ဖြေးဖြေးချင်းထလိုက်ပြီး အခန်းတံခါးပေါက်ရှိရာမှ အပြင်သို့ လှမ်းကြည့်လိုက်၏။ မောင်သာ အိမ်မှာရှိနေရင် အခုနေဆို ပြတင်းပေါက်တွေ ပိတ်ဖို့အတွက် အခန်းထဲ ပြေးဝင်လာလောက်ပြီဖြစ်သည်။ သို့သော် ငါးမိနစ်ဆယ်မိနစ်လောက်အထိ သူစောင့်နေသော်လည်း မောင့်အရိပ်ပင်ပေါ်မလာခဲ့ပါ။ ထို့ကြောင့် ဟိန်းဇော်ဦး မောင်အိမ်မှာရှိမနေမှန်း နားလည်လိုက်ပြီး သူတစ်ယောက်တည်းသာ ပြတင်းပေါက်တွေကို လိုက်ပိတ်လိုက်၏။ ရာသီဥတုကြောင့် ပတ်ဝန်းကျင်အခြေအနေဟာလည်း မှောင်မဲနေပြီး ဘယ်အချိန်ရှိပြီလဲဆိုတာကိုပင် ခန့်မှန်း၍မရနိုင်အောင် ဝေဝါးနေမိသည်။
သူထင်တာ မမှားရင်တော့ ဒီအချိန်ဟာ ခုနှစ်နာရီနဲ့ ရှစ်နာရီအကြား မောင်ဈေးသွားသည့် အချိန်သာ ဖြစ်နိုင်ပါ၏။ ဟိန်းဇော်ဦး စားပွဲပေါ်တွင် ချွတ်တင်ထားခဲ့သည့် လက်ပတ်နာရီမှာ လက်တံအကြီးက ရှစ်ဂဏန်းရှိရာသို့ တည့်မတ်စွာညွှန်ပြလို့နေသည်။ ပြတင်းတံခါးပေါက်တွေအားလုံး ပိတ်ပြီးသွားသည့်နောက်တော့ သူ ကိုယ်လက်သန့်စင်ရန်အတွက် အိပ်ခန်းထဲမှ ထွက်လာခဲ့ပါ၏။
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-