စဝ်မောင်၏ တစ်ထပ်ပျဉ်ထောင်အိမ်ဧည့်ခန်းထဲမှ သစ်သားထိုင်ခုံပေါ်တွင် အချိန်ကြာမြင့်သည်အထိ မလှုပ်မယှက် ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်စွာထိုင်နေသော ဟိန်းဇော်ဦးကို အတိုင်းသားတွေ့မြင်နေရသည်။ မှိုင်းပြပြမီးချောင်း၏ အလင်းရောင် မှုန်ဝါးဝါးအောက်တွင် သူ၏မျက်နှာရိပ်မျက်နှာခြေကို ကောင်းမွန်စွာ အကဲခတ်လေ့လာ၍ မရနိုင်သော်လည်း ဒီလောက်ထိတိတ်ဆိတ်နေသည်က ကောင်းသောလက္ခဏာတော့ မဖြစ်နိုင်ပါချေ။ အဝတ်အစားတွေဟာ မိုးစိုပြီးနောက် ပြန်၍ခြောက်သွေ့သွားသည်တိုင် သူဟာ ဒီနေရာမှာ ဘယ်လောက်အကြာကြီးထိုင်နေအုံးမလဲ ဘယ်သူမှလည်း မပြောနိုင်ပေ။ ခြံစည်းရိုးတံခါးဟာ ဖွင့်လက်စမို့ တစ်ယောက်ယောက်ကို မျှော်လင့်စောင့်စားနေမှာ သေချာသော်လည်း သူ့ခေါင်းတွေကတော့ အောက်စိုက်လို့ထားပြီး အတွေးတွေများနေသည့်ပုံပင်။
ညဟာ အမှောင်ဝင်လာသည်နှင့် ပိုးစုန်းကြူးငယ်တို့၏အော်သံသည်လည်း ပိုမိုကျယ်လောင်စွာထွက်ပေါ်လာခဲ့ပြီး သူ့ခေါင်းထဲမှ မေးခွန်းပေါင်းများစွာကို လွှမ်းမိုးလို့သွားသဖြင့် ဟိန်းဇော်ဦး စိတ်ရှုပ်စွာခေါင်းကို တစ်ချက်ရိုက်လိုက်၏။ မဝံ့မရဲဖြင့် ခြံစည်းရိုးတံခါးကို လှမ်းကြည့်လိုက်တော့လည်း လူရိပ်နှင့်တူတာ ဘာတစ်ခုမှမတွေ့ရဘဲ ဓာတ်တိုင်မီးအလင်းရောင်အောက် လေတိုက်သဖြင့် ခြောက်ခြားစွာလှုပ်ရှားနေသော သစ်ရိပ်ပင်ရိပ်တစ်ချို့တလေကိုသာ တွေ့ရပါသည်။ သူ့ကိုစောင့်ခိုင်းထားပြီး မောင်က ဒီညပြန်လာအုံးမှာလား။ သို့သော် ဒီည မောင့်ကို တွေ့ရမှာကိုတော့ သူအထူးအလည် ရင်တွေတုန်နေမိပါ၏။
ဟိန်းဇော်ဦး သူ့ခန္ဓာကိုယ်ကြီး လေးလံလာသည်ကို သတိထားမိပြီးနောက် ထိုင်ခုံမှ ကြိုးစား၍ထရပ်လိုက်ပါ၏။ ထိုအခိုက် ခြံဝင်းရှေ့တံခါးဆီမှ ဝင်လာသော ကားမီးအလင်းရောင်ကြောင့် အိပ်ခန်းထဲသို့ဦးတည်နေသည့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားရသည်။ ဒိတ်ခနဲဆောင့်ခုန်တက်သော နှလုံးခုန်သံကြောင့် အောင့်တက်လာသည့် ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဖိနှိပ်ထားလိုက်ကာ အလျင်အမြန်ပဲ အနောက်သို့ပြန်လှည့်ကြည့်လိုက်သည်။ ညဟာ အသံမဲ့လွန်းအားကြီးတာကြောင့် စဝ်မောင်၏ကားတံခါးပိတ်သံ၊ ခြံတံခါးကိုဆွဲပိတ်သည့်အသံ၊ တဖြေးဖြေးချင်း အိမ်ရှိရာသို့ လျှောက်လှမ်းလာသည့် ဖိနပ်ရှပ်သံ၊ လှေကားပေါ်သို့ လှမ်းတက်လာသည့် ခြေသံ အစရှိသည်တို့ကို ဟိန်းဇော်ဦး ကောင်းမွန်ပြတ်သားစွာ ကြားနေရပါသည်။
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-