ရေရဟတ်မှထိုးခွင်းလိုက်သည့် စံကားအင်းရေမျက်နှာပြင်သည့် လှိုင်းများထ၍ကျန်ခဲ့ပြီး စက်သံမှာ ဆူညံနေသည်။ အဝေးမှပျံသန်းလာသည့် ဇင်ယော်ငှက်တို့သည်လည်း လူတွေကိုကျီစားနေသည့်အလား တစ်ခါတရံ သူတို့လှေအနားအထိ နိမ့်ဆင်းလာပြီးမှ အမြင့်သို့ပျံတက်သွားပြန်သည်။ ကျယ်လိုက်ကျဉ်းလိုက်၊ တိမ်လိုက်နက်လိုက်ဖြင့် အမျိုးမျိုးဖြတ်သန်းနေရသော ရေလမ်းခရီးမှာ စိတ်လှုပ်ရှားရလွန်း၍ ပျင်းရိချိန်ပင်မရချေ။
စံကားအင်းမှ တာခေါင်မွေတော်ဘုရားသို့ သွားရာလမ်းတလျှောက်တွင် ရေထဲသို့တစ်ဝက်တစ်ပျက်နစ်မြှပ်နေသည့် ရှေးဟောင်းစေတီပုထိုးများနှင့် သစ်ပင်ကြီးများကိုလည်း တွေ့ရပါသည်။ သူသယ်လာသည့် ကင်မရာတစ်လုံးဖြင့် လေးမျက်နှာရှုခင်းတွေကို ဓာတ်ပုံရိုက်ရင်းအလုပ်ရှုပ်နေသည့် ဟိန်းဇော်ဦး၏မျက်လုံးတွေသည် တဖျက်ဖျက်လက်၍နေသည်။ သူဟာ ဆောင်းပါးရေးရန်အတွက် မောင့်နောက်ကို တကောက်ကောက်လိုက်ခဲ့သည့် ထိုအချိန်များကို အမှတ်ရ၍နေသလား နှုတ်ခမ်းတစ်စုံကလည်း ပြုံးရောင်သမ်းနေ၏။
ရွှေရည်ခြုံလွှမ်းထားသည့် နေ့လည်ခင်းတွင် နနွန်းနုရောင် အင်းချည်လက်ရှည်ပါးကလေးဖြင့် ဖျော့ဖျော့ကလေး လင်းနေသည့် မောင့်ပုံရိပ်သည်လည်း သူအကြည့်မလွှဲနိုင်အောင်ပင် လှနေသည်။ မရပါဘူး။ နိုင်ငံခြားသူတစ်ချို့နှင့် စကားလက်ဆုံကျနေသည့် မောင့်အား သူ့ကင်မရာဖြင့် ချိန်မိပြန်သည်။
အရေးကြီးတာပဲရိုက်နော်တဲ့။ မောင့်ထက်အရေးကြီးတာ ရှိအုံးမလား။ သူ့ကင်မရာထဲမှာလည်း မောင့်ပုံတွေချည်းပါပဲ။
"အကို..."
အနောက်မှ သူ့ပုခုံးကိုလာတို့သည့် လက်ကြောင့် ဟိန်းဇော်ဦး လှည့်ကြည့်လိုက်တော့ အသစ်ရောက်လာသည့် အဖွဲ့ထဲမှ တက္ကသိုလ်ကျောင်းသူကောင်မလေးတွေ။
"အကို့ကိုမေးစရာလေးရှိလို့။"
"ခင်ဗျာ...ဘာပြောလိုက်တာလဲ။"
သူတို့ထိုင်နေသည်က စက်လှေခေါင်းနှင့်နီးသဖြင့် အင်ဂျင်သံကြောင့် ကောင်မလေးပြောသည့်အသံကို ရှင်းရှင်းလင်းလင်းမကြားရသဖြင့် ဟိန်းဇော်ဦး ခေါင်းလေးငုံ့၍ အနားကပ်ကာနားထောင်လိုက်သည်။
ESTÁS LEYENDO
မောင့် လက်တစ်ကမ်းအလို(Love, beyond)
Ficción Generalတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-