ရိုးရာညနေထမင်းဝိုင်းလို့ ဆိုလို့ရလောက်အောင် ရှမ်းအစားအစာအပြည့် တည်ခင်းထားသည့် မိသားစုထမင်းဝိုင်းထဲ ထိုင်လိုက်သည်နှင့် ဟိန်းဇော်ဦး ဟင်းတွေကြည့်ပြီး မျက်ခုံးတွန့်သွားမိသည်။ မောင်တို့အိမ် စာဖိုဆောင်မှုးက တစ်ခါချက်ရင် အလုပ်သမားတွေအတွက်ပါ အများလောက်ငှအောင် ချက်ရတာမို့ နေ့စဉ်ဟင်းထုပ်ကတော့ မပါမဖြစ်။ လတ်လတ်ဆတ်ဆတ်ဆိုရလောက်သည့် ဂျူးမြစ်တွေနဲ့အတူ ငရုပ်သီးထောင်း၊ ပဲပုပ်ထောင်းအပြင် ကလေးတွေစားဖို့အတွက် ငါးထမင်းနယ်။ အဖေက စားပွဲထိပ်မှာ ဝင်ထိုင်ပြီးသည်နှင့် မမနဲ့ သူ့အမျိုးသားက ကလေးတစ်ယောက်ဆီရဲ့ ဘေးမှာ အသီးသီး နေရာယူကာ ထိုင်လိုက်ကြသည်။ ဟိန်းဇော်ဦး တစ်ယောက် စဝ်မောင်ဘေးမှာ ကျို့ကျို့လေး ကပ်ထိုင်ပြီးနောက် မောင့်နည်းတူပဲ ဟင်းထုပ်တစ်ထုပ်ကို သူ့ပန်းကန်ထဲထည့်ကာ ဖက်ရွက်ကို ဖြေးဖြေးချင်း ဖယ်လိုက်၏။
"အစ်ကိုမြတ်သူ စစ်ကိုင်းဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ။ ငွေထည်လုပ်ငန်းတွေ ဈေးကွက်ကျဉ်းလာတယ် မို့လား အစ်ကို။"
စဝ်မောင် သူ့ယောက်ဖဖြစ်သူအား လှမ်းမေးလိုက်သည်။ အစ်ကိုမြတ်သူရဲ့ မိသားစုကလည်း စစ်ကိုင်းတိုင်း ရွာတောင်က ငွေထည်၊ ကြေးထည် လုပ်ငန်းရှင်များ မဟုတ်လား။ ပြီးတော့ မမပြောလာသည့် ငွေထည်ဈေးကွက် ကျဉ်းလာသည့် ပြဿနာကိုလည်း စဝ်မောင်က ခေါင်းထဲက ထုတ်မရ။
ဟိန်းဇော်ဦးသည်ပင် ခေါင်းမော့လာပြီး ကိုမြတ်သူကို လှမ်းကြည့်၏။
"အစ်ကို့အိမ်ကတော့ ဒီနှစ်ပိုင်း ကြေးထည်ကို ပိုပြီးထုတ်လုပ်လာတယ်။ ငွေထည်က ဝယ်သူရှိမှပဲ လိုချင်တဲ့ ဒီဇိုင်းကို သေချာမေးပြီးမှ လုပ်တော့တယ် ညီလေး။ ဟိုအပတ်က အဖေ အသင်းအစည်းအဝေးသွားတော့ ငွေထည်နဲ့ ပတ်သတ်တဲ့ ပြည်ပကုန်သွယ်မှု အလျော့အတင်းလုပ်ဖို့တော့ ဆွေးနွေးခဲ့ကြသေးတယ် ပြောတယ်။ ကုန်ကြမ်းဈေးနှုန်းကလည်း ကြေးထည်က ဆယ်ဆလောက် သက်သာတော့ ပြည်တွင်းဈေးကွက်မှာ ကြေးထည်က ပိုအလုပ်သွက်တယ်လေ ညီလေး။ "
"ဒါဆို ပြည်ပဈေးကွက်ကို ငွေထည်ချည်း တိုက်ရိုက်တင်ပို့ဖို့ကျရော။ မမ အခုလုပ်နေတာက ငွေထည်သီးသန့်မှ မဟုတ်ဘဲ။ အသုံးအဆောင် ပစ္စည်းတွေမှာ ငွေထည်ကို သုံးတာမျိုးပဲဆိုတော့ ဈေးကွက်က အလှကုန်ဘက်ကို ပိုရောက်နေတယ်။"
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-