Part 13 ကိုယ့်ဘက်မပါတဲ့ရာသီဥတု

623 86 6
                                    

ဖူးငုံနေတဲ့ နှုတ်ခမ်းလွှာနှစ်ချပ်ပေါ်ကို ဖိကပ်လို့နမ်းရှုံ့လိုက်ချိန် သူခံစားမိတာက ချယ်ရီပန်းရဲ့ပွင့်ချပ်လေးလို မောင့်နှုတ်ခမ်းတစ်စုံရဲ့ နုညံ့မှုကိုပင်။ ဝန်ခံရရင် မောင့်နှုတ်ခမ်းတွေရဲ့အရသာဟာ အိပ်မက်ထက် ပိုချိုတယ်။ ဟိန်းဇော်ဦး ရှိရှိသမျှအဆီအနှစ်တွေကို ဝတ်ရည်စုပ်တဲ့ ပျားတစ်ကောင်ကဲ့သို့ အငမ်းမရတိုးဝင်စုပ်ယူရင်း တဖက်မှာလည်း ချယ်ရီပန်းလေးရဲ့နုညံ့မှုကို မလွတ်အောင် ခံစားနေမိသည်။ လက်တွေ့မှာတော့ ဘယ်လိုနေနေ စွန့်စားရတာပဲ မဟုတ်လား။ သူဒီအနမ်းတွေအတွက်ဆို သေမိန့်ကျလည်း နောက်တစ်ကြိမ် စွန့်စားဖို့အခွင့်အရေးတောင်းဆိုချင်မိသည်။

လေပြေတိုးလို့ ယိမ်းခါသွားသည့် ပွင့်ဖက်လေးတွေဟာ အောက်ခြေသို့ ကြွေလုမတတ် လှုပ်ခတ်သွား၏။ သူဟာ တစ်ကြိမ်တည်းမှာပဲ မုန်တိုင်းဒဏ်လို ကြမ်းတမ်းမှုမျိုးနဲ့လည်း ရင်ဆိုင်ရပြန်၏။ မပြောမဆို ရွာချလိုက်တဲ့ မိုးသက်လေပြင်းကြားမှာ စိုစိုရွဲသွားရသည့် ပွင့်ဖက်လွှာလေးတွေဟာ နွမ်းနယ်လာပြီး မလှုပ်ရှားနိုင်တော့သည်အထိ ရုန်းကန်ရပြန်၏။ ဒါဟာ သေးငယ်တဲ့ပန်းလေးတစ်ပွင့်အတွက် လောကဓံရဲ့အဆိုးဆုံး ပြစ်ဒဏ်တစ်ခုပါပဲ။

"ဆရာစဝ်မောင်။ ဆရာ လှေရှိလား။ ကိုမျိုးဦး ခင်ဗျား ဟိုဘက်မှာ သွားရှာ။"

အင်းရေပြင်ကိုဖြတ်၍ စက်ကိုဖွင့်ကာ မိုင်ကုန်မောင်းနှင်လာသော စက်လှေတစ်စီးရဲ့အသံကို ကြားပါမှ ဟိန်းဇော်ဦး သူ့အနမ်းတွေရယ် ချုပ်ထားသည့်လက်တွေရယ်ကို ရပ်လိုက်မိသည်။ ဟိန်းဇော်ဦးလက်က လွတ်သွားသည်နှင့်တပြိုင်နက် စဝ်မောင်က ဒေါသကြီးစွာဖြင့် ဟိန်းဇော်ဦးရင်ဘတ်ကို တွန်းထုတ်လိုက်ပြီး သူ့နှုတ်ခမ်းတွေကို ခပ်ကြမ်းကြမ်းဆွဲပွတ်လိုက်၏။

နီရဲနေသည့် မောင့်မျက်နှာက ပေါက်ကွဲထွက်တော့မတတ် တင်းမာနေပြီး မောပန်းစွာဖြင့် အသက်ကိုလုရှုနေရသည်မို့ ချက်ချင်းပင် ဟိန်းဇော်ဦးကို ရန်မရှာနိုင်ခဲ့ပဲ မျက်လုံးစိမ်းများဖြင့်သာ ကြည့်နေခဲ့ပြီး ထိုမျက်လုံးတွေဖြင့်သာ လူသတ်နိုင်မယ်ဆို ဟိန်းဇော်ဦး အကြိမ်ကြိမ် သေနေနှင့်ပြီ ဖြစ်သည်။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Donde viven las historias. Descúbrelo ahora