ဟိန်းဇော်ဦး ဆရာစဝ်မောင်ကြိုက်သည်ဟု ကြားဖူးနားဝရှိသော ညောင်ရွှေဈေးက ဝက်သားကင်ပေါင်းကြော်ရယ် ကြာဖက်နဲ့ ထုပ်ထားသည့် ကောက်ညှင်းပေါင်းရယ်ကို အထုပ်ကြီးအထုပ်ငယ်ဖြင့် လက်ကဆွဲကာ ရတနာမာန်အောင်စေတီရှိရာ လမ်းကြားသို့ တန်းမတ်အောင် လျှောက်လာခဲ့သည်။ ဒီလိုမျိုး တစ်ယောက်တည်း စိတ်လှုပ်ရှားစွာဖြင့် ခဏခဏ ခလုတ်တိုက်မိသည့် သူ့ကိုယ်သူလည်း ရီမိ၏။ စဝ်မောင်ကို တွေ့ရမည့်ခြေလှမ်းတွေ နီးလာလေ သူ့မျက်နှာက ကြည်နှုးမှုတွေသည် ပို၍ ထင်ထင်ပေါ်ပေါ် ဖြစ်လာလေ။
လူတွေပြောကြသည့် ဆယ်ကျော်သက်ရင်ခုန်သံဆိုတာ ဒါမျိုးပဲထင်ပါရဲ့။
သူငယ်ချင်းတွေ စနောက်ကာ တင်စားခဲ့ကြသော ရေခဲတောင် ဟိန်းဇော်ဦးလည်း ပထမဆုံးဖြစ်သည့် ရင်ခုန်သံမှာတော့ ရေခဲအရည်ပျော်ရုံမကဘဲ ပွက်ပွက်ပင် ဆူနေသည်အထိ အလူးအလဲပင်။ မဖြစ်နိုင်ပါဘူးဟု တစ်စုံတစ်ယောက်က ပြောလျှင် ထိုင်မရထမရနှင့် မောင့်ကို ပြေးပြီး တွေ့ချင်သည်။ ဆုံးရှုံးခဲ့ရင် ဘယ်လိုလုပ်မလဲဟူသည့် စေတနာသတိပေးစကားကို ခြိမ်းခြောက်သည့် လေသံအဖြစ် မှတ်ယူကာ မျက်ရည်ကျအောင် ငိုမိသည်အထိ။ နောက်ဆုံးတော့ သူငယ်ချင်းတွေအားလုံးက တညီတညွှတ်တည်း ကူညီမည်ဟု သဘောတူလိုက်ကြရကာ ဒီခရီးကို သူစတင်ဖြစ်ခဲ့ခြင်းဖြစ်သည်။
ဒီနေ့လည်း ထိုနည်းတူစွာ သူငယ်ချင်းတွေရဲ့ မြှောက်ပင့်အားပေးမှုကြောင့် နဂိုရှိတာထက် သတ္တိတွေ ပိုကောင်းနေသည့် ဟိန်းဇော်ဦး စဝ်မောင်အိမ်ကို ရောက်လာခဲ့ပြန်သည်။ ကနဦးမှာတော့ စဝ်မောင်က သူ့အိမ်ကို လာစရာမလိုဘူးလို့ ပြောခဲ့ပြီး တစ်ပတ်လောက် ဟိန်းဇော်ဦး မလာရဲတော့ဘဲ မောင် လာခေါ်မှသာ မောင့်မိဘအိမ်ကို သွားရောက်ပြီး ငွေထည်လုပ်ငန်းကို လေ့လာရသည်။ သို့သော်လည်း ဒီနှုန်းအတိုင်းသာဆို ခရီးမတွင်တော့မည်ကို စိုးရိမ်ကြသည့် သူငယ်ချင်းတွေက အတင်းကာရော သွားခိုင်းသဖြင့် အခုတစ်ခါက မောင်မကြိုက်ဘူးလို့ ပြောပြီးသည့်နောက် ငါးခါမြောက် မောင့်အိမ်ကို ရောက်လာခဲ့ခြင်းဖြစ်၏။
မောင် ငြင်းဆိုသည့် အကြိမ်အရေအတွက်ကလည်း တဖြေးဖြေးတော့ လျော့နည်းလာပြီဖြစ်သည်။ အချိန်ကာလအားဖြင့် သုံးလကြာပြီးသည့်နောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုဟာ တံခါးခေါက်ဆက်ဆံရေးထက် ပိုလာခဲ့ပြီဖြစ်သည်။
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-