မနက်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်လိုက်ကာစများကို ဖောက်ထွက်၍ ဧည့်ခန်းထဲသို့နေပျောက်ထိုးလာ၏။ နွေနေမို့ ပူချင်သော်လည်း တောင်တန်းတို့ဆီမှ လာသည့်လေထုအငွေ့အသက်ကြောင့် ဒီလောက်လှုပ်ရှားနေသည့်တိုင်အောင် ပင်ပန်းသည်ဟု မခံစားရပေ။ တစ်ထပ်အိမ်ကလေးဟာ သေးသလောက် ခြံကကျယ်သဖြင့် လုပ်စရာအလုပ်တွေက လုပ်လို့မကုန်နိုင်။ ဟိန်းဇော်ဦး တကုပ်ကုပ်ဖြင့် အိမ်မှုကိစ္စတွေလုပ်နေသည်မှာ အိမ်၏အရှေ့၊ အနောက်၊ တောင်၊ မြောက် သူမရောက်သည့်နေရာပင် မရှိတော့။ နေထွက်သည်မှစပြီး အခု နေလုံးကြီးပင် သူ၏ခေါင်းပေါ်တည့်တည့်ရောက်လာသည်အထိ အချိန်တွေကုန်မှန်းမသိ ကုန်သွားခဲ့ပြီး ဟိန်းဇော်ဦး ချွေးစို့လာသည့်နောက်မှာတော့ သူ့အလုပ်တွေကို ရပ်တန့်လိုက်တော့၏။
အဝီစိတွင်းထဲမှ သူကိုယ်တိုင်ရေတင်၍ အပြည့်ဖြည့်ထားသော ကျောက်ကန်ထဲမှရေတို့သည် အခုလိုတော့ နွေးနွေးလေးဖြစ်နေဆဲ။ ရန်ကုန်မှာတော့ အဘိုးနှင့်အဘွားကြောင့် အိမ်မှာရေပူရေအေးစက်ရှိပြီး ဘယ်အချိန်မဆို ရေနွေးနွေးလေးဖြင့် ရေချိုးရသော်လည်း ညောင်ရွှေရောက်လို့ မောင့်အိမ်မှာနေရင် ကျောက်ကန်ရေအေးအေးဖြင့်သာ ရေချိုးရသည်ကများ၏။ ဒီမနက်မှ ကန်လှယ်ထားတာမို့ ရေနွေးသော်လည်း လေတိုက်တာကြောင့် ဇိတ်ပြေနပြေတော့ ရေမချိုးရပါ။ မြန်မြန်သွက်သွက်သာ လုပ်ရသည်။
သူ ညကဝတ်ထားသည့် မောင့်အဝတ်တွေကို မလျှော်တတ်လျှော်တတ်ဖြင့် လျှော်နေတုန်း ခြံထဲသို့ စက်ဘီးစီးပြီး ဝင်လာသည့် မောင့်ပုံရိပ်ကိုလှမ်းတွေ့လိုက်ရ၏။ လှေကားရင်းမှာ စက်ဘီးကိုရပ်လိုက်သည့် စဝ်မောင်က ဟိန်းဇော်ဦးကို တစ်ချက်မျှသာလှမ်းကြည့်ပြီးနောက် အိမ်အပေါ်ထပ်သို့ တန်း၍တက်သွားပါ၏။ ထို့နောက် ခပ်သုတ်သုတ်ခပ်သွက်သွက်ဖြင့် အိမ်ပေါ်ထပ်မှ ဟိန်းဇော်ဦးရှိရာဆီသို့ ပြေးဆင်းလာခဲ့ပြန်သည်။ သူ့လက်ထဲမှာ အဝတ်စတစ်ထည်ကို ကိုင်ထားလျက် ထိုအဝတ်စသည် လုံးချေ၍ ဘယ်ဘက်လက်ထဲဆုပ်ကိုင်ထားသည်။
ကျောက်ကန်ရှေ့ရောက်မှ ထိုအဝတ်စကိုဖြည်ချလိုက်ရာ သွေးတွေစွန်းနေသည့် အနေအထားနှင့် မောင့်၏လက်ဖဝါးကို မျက်ဝါးထင်ထင်တွေ့လိုက်ရပါ၏။ စဝ်မောင် ရေတစ်ခွက်ခပ်၍ ခပ်မြန်မြန်ပဲ သူ့လက်ဖဝါးကိုရေလောင်းချလိုက်ရာ လက်တစောင်းနားမှ အစင်းလိုက်ကွဲအက်နေသည့် ရှရာတစ်ခုပေါ်လာခဲ့သည်။
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-