Part 35 အိမ်အပြန်လမ်းမှာ ကဗျာတစ်ပွင့်ကောက်ခဲ့တယ်

377 43 5
                                    

စံကားအင်းမှရေသည် အင်းလေးကန်ထက် ပို၍ကြည်လင်ပြီး လူနေအိမ်များ မရှိသဖြင့် အတိုင်းထက်အလွန် ကျယ်ပြန့်သယောင်ထင်ရပါသည်။ ရှမ်းတောင်တန်းတွေ အလယ်မှ ချိုင့်ဝှမ်းသဖွယ်နိမ့်ကျနေသည့် ထိုအင်းဟာ ရွာသူရွာသားများ၏ တံငါလုပ်ငန်းကို အဓိကပံ့ပိုးလျက်ရှိပြီး အင်းလေးသို့ ကူးသန်းသွားလာရာတွင်လည်း ရေလမ်းကြောင်းတစ်ခုအဖြစ် အကျိုးပြုသေး၏။

မောင့်စကားအရဆို ရေတွေဖုံးလွှမ်းသွားသည့် စံကားမြို့ဟောင်းဟာ ထိုစံကားအင်းရေပြင်ကျယ်အောက်မှာ ရှိနေဆဲပင်။ တကူးတက ရေအောက်ထဲဆင်းကြည့်ပါက တစ်ချို့သော ရှေးဟောင်းစေတီပုထိုးများ၏ ထိပ်ဦးဖျားကို မြင်နိုင်ပါ၏။

ရေဆိပ်အစပ်ရှိ မြက်ခင်းပြင်မှာ ရေဝသဖြင့် မြကျောက်ဖြာခင်းထားသလို စိမ်းလဲ့၍နေသည်။ အလုပ်သိမ်းပြီးချိန်မို့ ဒီနေရာဟာ လူများများစားစားမရှိတော့ဘဲ လမ်းတစ်ဖက်က ဇရပ်အိုမှာထိုင်၍ နေဝင်ချိန်ကိုကြည့်နေကြသည့် ဟိန်းဇော်ဦးနှင့် စဝ်မောင် နှစ်ယောက်တည်းသာ ရှိပါတော့၏။ တောင်အစွန်လေးမှာ ခြေသလုံးထောက်တိုင်များဖြင့် လေးဖက်လေးလံ အပွင့်ဆောက်ထားသည့် ဇရပ်အိုသည် ရှေးမူလက်ရာမပျက်သော ပြဿဒ်အမိုးလေးဖြင့်ဖြစ်သည်။ တိုင်လုံးများမှာ ရေနံချေးသုတ်ထားသော်လည်း ဖုန်တင်တာများလွန်း၍ မီးခိုးရောင်သို့ ပြောင်းနေပြီဖြစ်သည်။ နားခိုရာဇရပ်ဆိုသည့်အတိုင်း ကြမ်းခင်းထားသည့် သစ်သားပြားတွေမှာ အထိုင်များသည့်အပိုင်း ပြောင်းလက်နေပြီး အတွင်းပိုင်းကျသည့်နေရာမှာတော့ ဖုန်တင်နေပြန်၏။

သူတို့မျက်စိရှေ့မှ ကြည်လဲ့နေသည့် ရေပြင်ဟာ နေရောင်ထိုးသဖြင့် သံလျှပ်ရောင် တလက်လက်ထကာ ပုဇွန်ဆီရောင်သမ်းနေသည်။ နိမ့်ဆင်းလျှောကျလာသည့် နေလုံး၏ အရှိန်အလိုက် ပြောင်းလဲလာသော ကောင်းကင်နောက်ခံမှာလည်း ပန်းချီကားချပ်ပေါ်သို့ ရေဆေးတွေ မှောက်ချလိုက်သလို အရောင်စုံလှ၏။ ထို့နောက် အလွှာပါးပါးကလေး ပြေးနေသည့် လိမ္မော်မျှင်တိမ်တိုက်တွေ၏အနားမှာ ကပ်၍ထပ်ပြီး ခရမ်းဖျော့တိမ်မျှင်တွေ ဖုံးလွှမ်းထားသည်။ တဖြေးဖြေးချင်း ကွယ်ပျောက်လုဆဲ နေလုံးကို ပတ်လည်ခြံရံထားသော စူးရဲနေသည့် အနီရောင်တိမ်တောက်တောက်တွေ။ ခပ်ဝေးဝေး ခပ်လှမ်းလှမ်းဆီမှ ထိုအရောင်စုံသည့် ကောင်းကင်ကို အမှုမထားဘဲ ငှက်တွေအိပ်တန်းပြန်သည့်အခါ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ နေ့ခင်းကို နှုတ်ဆက်ရန်အတွက် လူတွေလည်း အဆင်သင့်ဖြစ်နေရပြီဖြစ်သည်။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Donde viven las historias. Descúbrelo ahora