စံကားအင်းမှ ညောင်ရွှေ မြို့သို့ အပြန်လမ်းဖြစ်သည့် ခရီးမှာတော့ ဟိန်းဇော်ဦးရော စဝ်မောင်နှစ်ယောက်စလုံး ကားထဲမှာ တိတ်ဆိတ်နေမိသည်။ အလာတုန်းက ဟိန်းဇော်ဦးမေးသည့် သမိုင်းကြောင်းအနည်းငယ်ကို မဖြေချင်ဖြေချင် ပြောပြပေးခဲ့သည့် စဝ်မောင်ကြောင့် ယခုလောက်တော့ သူတို့ကားလေးက ငြိမ်သက်နေခဲ့ခြင်း မရှိခဲ့ချေ။ ထိုငြိမ်သက်နေသည့် လေထုကြားမှာ ကြီးစိုးထားဆဲ အရှိန်အဝါက အေးချမ်းမှုလည်း မဟုတ်။ မောင့်မိသားစုက လှေဖြင့် အင်းလေးမှတဆင့် ညောင်ရွှေကိုပြန်ကြသော်လည်း သူတို့နှစ်ယောက်ကတော့ နဂိုကတည်းက ရန်ကုန်တန်းဆင်းမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကားမောင်းလာသဖြင့် ကုန်းလမ်းမှသာ ပြန်ကြရသည်။
သူတစ်ယောက်တည်းသာ ရန်ကုန်ပြန်ပြီး မောင့်ကိုတော့ ညောင်ရွှေအိမ်ပြန်ပို့ထားခဲ့မယ်လို့ ကတိပေးပြီးကတည်းက တိတ်ဆိတ်နေသော ဟိန်းဇော်ဦးမှာ အခုလည်း ကားပေါ်မှာ ခပ်မဆိတ်လုပ်နေ၏။ စဝ်မောင်က သူ့ဘာသာလေး နေတတ်လို့ ဘာစကားမှမပြောရင်တောင် အမြဲလိုလို နံဘေးမှာဆူညံနေတတ်သည့် သူ့ရပ်ဝန်းလေး ဆိတ်သက်နေသည်ကိုတော့ သတိမမူမိဘဲ မရှိနိုင်ပါ။ သို့သော် သူဟာ တစ်ချက်နှစ်ချက်မျှသာ ဟိန်းဇော်ဦးကို လှည့်ကြည့်ခဲ့ပြီးနောက် ဘာသိဘာသာကလေး နေခဲ့သည်။ ဟန်ဆောင်နေခဲ့သည်။
အချိန်က နေ့မြင့်လာပြီမို့ ပတ်ဝန်းကျင်ဟာ နေရောင်အောက်မှာ ထင်းလင်းထင်ရှားစွာ၊ ဒီလမ်းမှာ ဒီခရီးသည်တို့ရဲ့ လှုပ်ရှားမှုအခိုက်အတန့်တိုင်းဟာ မှုန်ရီဝိုးတဝါးဖြစ်စရာ အကြောင်းတစ်စုံတစ်ရာ မရှိနိုင်အောင် ပြတ်သားလွန်းလှသည်။ ရှပ်လက်ရှည်အဖြူလေးကို လက်ခေါက်တင်ထားသည့် ဟိန်းဇော်ဦးက လမ်းအကွေ့မှာ ကားစတီယာတိုင်ကို ညှင်သာစွာလှည့်ရင်း သူ့နံဘေးမှ စဝ်မောင်ကို ခေါင်းလေးငှဲ့လို့ ကြည့်လိုက်တော့ မျက်နှာကိုနေထိုးသဖြင့် မျက်မှောင်ကြီးကို ကျုံ့လို့ထားသည့် စဝ်မောင်ကို စိတ်အလိုမကျစွာ တွေ့လိုက်ရသည်။ ဟိန်းဇော်ဦး ချက်ချင်းပဲ သူတပ်ထားသည့် နေကာမျက်မှန်ကို မောင့်ဆီကမ်းလို့ပေးလိုက်၏။ ပြီးတာနဲ့ ကားနေကာအဖုံးကို မောင့်အတွက်ချပေးလိုက်ရာ မောင်ကတော့ မျက်မှန်ကိုယူတပ်ပြီး ဘာမှပြန်မပြောခဲ့။
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-