အင်းလေးကန်ရေပြင်ကျယ်ကြီးကို ဖြတ်မောင်းလာသည့် စက်တပ်လှေ၏အရှိန်ကြောင့် ရေပြင်ကိုထိုးခွင်းရာမှ လွင့်စင်လာသည့် ရေမှုန်ရေမွှားတို့ဟာ ကန်ရေပြင်ကိုလှိုင်းထပြီး ကျန်စေခဲ့သည်။ မြင်နေရသည့် ရှမ်းတောင်တန်းတွေဟာ ဒီအင်းကြီးရဲ့အဆုံးသတ်နယ်နိမိတ်ကို ညွှန်ပြနေသလိုမျိုး ဖြစ်နေသည့်တိုင် မြန်မာပြည်၏ဒုတိယအကြီးဆုံးအင်းကလည်း တမျှော်တခေါ်ကို ကျယ်ပြောလှပါသည်။ အရိပ်မရှိသည့် ရေမျက်နှာပြင်ကို ဖြတ်၍တိုက်ခတ်လာသော လေပူတို့ကြောင့် မည်သူမဆို အင်းခမောက်ကိုယ်စီကို ဆောင်းထားကြရသည်မှာလည်း မြင်တွေ့နေကျမြင်ကွင်းတစ်ခုလို မဆန်းကျယ်တော့ပေ။
စဝ်မောင်နှင့် ဟိန်းဇော်ဦးကို လာကြိုသည့် ဟိုတယ်မှစက်လှေသည် စက်တပ်ထားသည့် လှေအမျိုးအစားဖြစ်ပြီး လှေဝမ်းထဲ၌ပင် ကြာပန်းများကို လှနေအောင်အလှဆင်ထားသည့် ပန်းခြင်းတောင်းများ၊ ချည်စောင်အခင်းနှင့် ခြုံပဝါများပင် ပါရှိပါ၏။ သူတို့နှစ်ယောက်ကတော့ အင်းခမောက်ကိုယ်စီဆောင်း၍ တစ်ယောက်နှင့်တစ်ယောက် ရှေ့ဆင့်နောက်ဆင့်သာထိုင်ပြီး လိုက်ပါလာကြသည်။
ဟိန်းက အဖြူရောင်တီရှပ်အောက်ခံထားပြီး အညိုနုနု စပို့ရှပ်လက်ရှည်ကို အပေါ်မှထပ်ထားကာ အဖြူရောင်ဂျင်းဘောင်းဘီဖြင့် အတွဲလိုက်ဝတ်ဆင်ထားပြီး ထုံးစံအတိုင်း နေကာမျက်မှန်တစ်လက်တော့ မပါမဖြစ်။ လွတ်လပ်ပေါ့ပါးစွာဖြင့် ဘေးဘီဝဲယာကို ငေးကြည့်နေရင်း စက်လှေနှုတ်ခမ်းမှာ လွင့်စင်နေသည့်ရေစက်တွေကိုလည်း တစ်ချက်တစ်ချက် လှမ်းတို့လိုက်သေး၏။ အတော်ကြာမှ အင်းထဲကိုရောက်လာသည့်အတွက် သူ့ပုံစံဟာ တက်ကြွလို့နေသည့်အပြင် မောင်နဲ့အတူ ရှိနေလို့လည်း ပျော်နေပြန်သည်။
သူ့ရှေ့မှာ ငြိမ်သက်စွာထိုင်နေသည့်မောင်ကတော့ အညိုရောင်ဆွယ်တာလက်ရှည်ကို အနက်ရောင်စတိုင်ပန်ဘောင်းဘီရှည်ဖြင့်။ နေပူမှာစိုး၍ သူတပ်ခိုင်းထားသည့် မျက်မှန်ကိုလည်း တပ်ထားပါ၏။ ငါးနှစ်ပြည့်နှစ်ပတ်လည်မို့ ထူးထူးခြားခြား အရောင်ဆင်တူဝတ်ထားသည့် သူတို့နှစ်ယောက်၏ပုံစံကိုကြည့်ပြီး စိတ်တိုင်းကျနေသည်က ဟိန်းဇော်ဦးပင်။
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-