Part 5 အသက်

927 94 4
                                    

မနက်ခင်းနေရဲ့ အနွေးရောင်ခြည်က အခန်းထဲတိုးဝင်လာသည်နှင့် ဟိန်းဇော်ဦး ခြုံထားသည့်စောင်ကို ဘေးတစ်ဖက်ဆီပို့လိုက်သည်။ အိပ်ယာက မထချင်သေးသူအဖို့ မျက်နှာကို ထိုးနေသည့် နေရောင်ကြောင့် ပြန်အိပ်မရတော့သည်က စိတ်ရှုပ်စရာ အကောင်းဆုံးပင်။ ဟိန်းဇော်ဦး နေရောင်ကို သူ့လက်မောင်းဖြင့်ကာရင်း ဘေးက မောင့်ကိုလှမ်းခေါ်ဖို့ ကြိုးစားလိုက်မိသည်။ သို့သော် သူစမ်းမိတာက တွန့်ကျေနေသော အိပ်ယာခင်းနှင့် လူမရှိတော့သည့် ခပ်နိမ့်နိမ့်ခေါင်းအုံးတစ်လုံးသာ။ ချက်ချင်းပင် ဟိန်းဇော်ဦး ထထိုင်မိတော့မှ သူရောက်နေတာ ညောင်ရွှေမြို့ မောင့်အိမ်မှာဆိုတာကို သတိပြန်ဝင်လာခဲ့၏။

တုန်လှုပ်သွားသည့် အခိုက်အတန့်လေး ငြိမ်သက်သွားသည်နှင့် ဟိန်းဇော်ဦး စိတ်ခြောက်ခြားစွာ လေပူတစ်ချက် မှုတ်ထုတ်ပြီး ကုတင်ပေါ် ပြစ်လှဲလိုက်ပြန်သည်။ ဒီတစ်ခါတော့ သူ့မျက်လုံးများက ပွင့်လျက်သား၊ နေရောင်ကို ကာဖို့ ကြိုးစားခဲ့သည့် လက်တို့က အိပ်ယာခင်းအစကို ဆုပ်ကိုင်ထားလျက်အနေအထားဖြင့် ဝင်လေထွက်လေတို့ကို ပုံမှန်ဖြစ်အောင် ကြိုးစားနေမိသည်။

ဟိန်းဇော်ဦး မျက်နှာကျက်ထပ်ခိုးကို ငေးစိုက်ကြည့်ရင်း အချစ်ကိုရင်ဆိုင်ဖို့ အားမွေးခဲ့ရတဲ့ ဆယ့်ရှစ်နှစ်အရွယ်ကောင်လေးရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ပြန်မြင်ယောင်မိ၏။

"မင်းမိဘတွေက ယောကျ်ားတစ်ယောက်ကြောင့် သူတို့သားရှေ့ရေး ပျက်စီးသွားပါပြီလို့ မြင်စေချင်တာလား။ ယောကျ်ားမာနရှိရင် ငါ့အိမ်မှာနေတာတောင် ရှက်သင့်တယ်။ မထွက်သွားသေးဘူးလား။"

ဟုတ်တာပေါ့။ ဒီထပ်ခိုးမှာ ကပ်ငြိနေတဲ့ သူ့ခံစားချက်တွေကို ဘယ်မေ့မလဲ။ မောင်တစ်ယောက်တည်း အနိုင်ယူခဲ့တဲ့ ပွဲတွေ။ မောင်ပီသစွာနဲ့ တကယ်လည်း နိုင်ခဲ့ပါတယ်။ ဟိန်းဇော်ဦး အကြိမ်ကြိမ် ထွက်သွားပေးခဲ့ရသလို ထပ်ပြီးထွက်သွားရမယ့် အဖြစ်မျိုး မောင်က မလုပ်တော့ပါဘူးလို့ ကတိပေးမထားတဲ့ အခြေအနေမှာ သူတစ်ယောက်တည်း နှိုးလာရင်တောင် ရင်တွေထိတ်နေရတာက ပုံမှန်။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Tempat cerita menjadi hidup. Temukan sekarang