မီးတောက်နှင့်အတူ တမြေ့မြေ့ချင်း လောင်ကျွမ်းသွားသည့် မီးကျည်းခဲတွေဆီမှ တဖျစ်ဖျစ်မြည်သံထွက်ပေါ်နေ၏။ အရှိန်ပြင်းသည့်အလျောက် မျက်စိရှေ့မှာ မီးတောက်တွေ ပြာတစ်လှည့်၊ နီတစ်လှည့် တစ်လှည့်စီပြောင်းလဲသွားသည်ကိုလည်း သူမြင်နေရပါသည်။ ဘုန်းကြီးကျောင်းသားဖြစ်သည့် လူငယ်လေးတွေဆီမှ ဂစ်တာသံနှင့် သီချင်းသံမှာ သံစဉ်တွေသာပြောင်းပြီး စာသားတွေ မတူတော့မည်။ အခုချိန်အထိ ရပ်တန့်သွားခြင်းတော့ မရှိသေးပေ။ ကလေးတွေဟာ မကုန်ဆုံးနိုင်သော ပျော်ရွှင်မှုတွေကို ဝေမျှရင်း တက်ကြွနေကြသည်။
ပအိုဝ့်သီချင်းတွေသည် သူ့နားထဲသို့ တစ်ပုဒ်ပြီးတစ်ပုဒ်၊ လက်ခုပ်တီးအားပေးသည့် အသံတွေကလည်း ဟောတိုက်လျှံနေပါ၏။ သို့ရာတွင် သူအလွတ်ရနေသည့် လူတစ်ယောက်၏ခြေသံကို စဝ်မောင် မသိစိတ်ကြောင့် ကြားလိုက်မိသလိုရှိရာ ငြိမ်သက်နေသည့် သူ့ဦးခေါင်းလေးလည်း လှုပ်ရှားသွားသည်။ သူ့မျက်လုံးတွေမှာလည်း ဘန်ဂလိုသို့သွားရာ လမ်းကြားလေးဆီသို့ အလိုလို ငေးကြည့်မိသွား၏။
လပြည့်ခါနီးမို့ လရောင်ဖြာနေကျနေသည့် လမ်းကြားလေး၏အဆုံးတွင် လူတစ်ယောက်။ တိတိကျကျပြောရလျှင် သူ့ချစ်သောလူတစ်ယောက် ထိုနေရာ၌ မတ်တပ်ရပ်နေပါသည်။ ညနေက သူနဲ့အတူရှိခဲ့သည့်အတိုင်း တစ်ပုံစံတည်းဖြစ်သော အဖြူရောင်ခေါင်းစွပ်လက်ရှည်နှင့် မိုးပြာရောင်ဂျင်းဘောင်းဘီအရှည်ကိုပင် အခုထက်ထိဝတ်ထားဆဲမို့ အခုအချိန်အထိ အလုပ်,လုပ်နေခဲ့ပုံပင်။ ဒီကိုလာမှာလားလို့ မျှော်ကြည့်နေသည့်တိုင် ဟိန်းဇော်ဦးက မတုန်မလှုပ်ဖြင့် ထိုနေရာမှာပဲ ဆက်ပြီးရှိနေခဲ့သည်။
မီးပုံကို ပတ်ပတ်လည်ဝိုင်း၍ ကနေကြသည့် ကလေးတွေမှ သူ့လက်ကိုဆွဲခေါ်သည့်အခါ စဝ်မောင် ယဉ်ယဉ်ကျေးကျေးငြင်းလိုက်ပြီး ထိုနေရာမှာ ထ,ထွက်လာခဲ့၏။ ကိုယ်တွေ့ချင်သည့် လူတစ်ယောက်ကို ဝမ်းပမ်းတသာဖြင့် ကြိုဆိုနေသည့် သူ့မျက်နှာသည်လည်း လရောင်အောက်မှာ ထင်ထင်ရှားရှားရှိလှပါသည်။ စဝ်မောင် စကားပြောချင်ဇောဖြင့် အရှိန်တင်၍ ပြေးသွားလိုက်ပြီးခါမှ အနားရောက်ခါနီး သူ့ခြေလှမ်းတွေ တုံ့ဆိုင်းသွားရ၏။
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-